လွိုင်ကော်ထောင်မှ လွတ်လာသူများရှိနိုင်သော်လည်း တိုက်ပွဲများကြောင့် အဆက်အသွယ်ပြတ်နေ

လွိုင်ကော်ထောင်မှ လွတ်လာသူများရှိနိုင်သော်လည်း တိုက်ပွဲများကြောင့် အဆက်အသွယ်ပြတ်နေ

လွိုင်ကော် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ ရှိနိုင်ပြီး တိုက်ပွဲအခြေအနေများကြောင့် ယနေ့အချိန်ထိ အဆက်အသွယ် မရသေးဘူးဟု ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ၏ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့၊ လွတ်ငြိမ်းချမ်းသာခွင့်၌ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ လွိုင်ကော် အကျဉ်းထောင်မှလည်း လွတ်မြောက်လာသူများ ရှိနိုင်ပြီး မြေပြင် အခြေအနေများကြောင့် ဆက် သွယ်ရ ခက်ခဲနေသည်ဟု နီးစပ်သူများက ပြောသည်။

ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး(KPPA) ပြန်ကြားရေး တာဝန်ခံ ကိုဇင်လင်းထက်က “အခုက ဒီထောင်ပတ်ဝန်းကျင်မှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒီထောင်သားတွေကို အပြင်ကို ပြန်မလွှတ်နိုင်သေးတဲ့ အတိုင်းအတာမှာတော့ မြင်နေရတယ်ပေါ့နော်။ ဆိုတော့ အဲ့လို အခြေအနေက ကျနော်တို့ ကြုံဖူးသမျှ ဆိုလို့ ရှိ ရင် ဥပမာ အကျဉ်းသား တစ်ယောက်လွတ်တယ်။ သို့ပေမယ့် သွားလာရ ခက်ခဲတဲ့အတွက် ထောင်ထဲမှာ တစ် ရက် နှစ်ရက် ပြန်ထားရတဲ့ ပုံစံတွေ ရှိတယ်လေနော်” ဟု ပြောသည်။

ယခင် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးချိန်တုန်းကလည်း တစ်နိုင်ငံလုံးနီးပါးရှိ အကျဉ်းထောင်အသီးသီးမှ လူဦးရေ ၆,၀၀၀ နီးပါးခန့် လွတ်မြောက်တိုင်း လွိုင်ကော်အကျဉ်းထောင်မှ ၁၀ ဦးခန့်သာ ပါလေ့ရှိသည်ဟု ဆိုသည်။

သို့သော် လွတ်ငြိမ်းသည့် အထဲတွင် လွတ်ရက်နီးသည့် နိုင်ငံရေး အကျဉ်းသား ဆယ်ပုံတစ်ပုံခန့်သာ ပါဝင်ပြီး အများစုမှာ သူခိုး၊ ဓါးပြ၊ ရဲပြေး၊ စစ်ပြေးများ ဖြစ်သည်ဟု ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) တာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် ထောင်တွင်း အခြေအနေများနှင့် ပတ်သက်၍ အဆက်အအသွယ်ပြတ်နေပြီး ထောင်ဝင်စာ ပင် တွေ့ခွင့်မရသောကြောင့် လွတ်မြောက်လာနိုင်သူများ၏ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု တာဝန်ခံ ကိုဇင်လင်းထက်က ဆက်ပြောသည်။

“အဆက်အသွယ်တော့ လုံးဝ ပြတ်နေတယ်။ အခုကတော့ နည်းနည်းလေး ငြိမ်သွားတဲ့ အတိုင်းအတာတော့ ရှိ တယ်။ ဒါပေမယ့် ဒီရှေ့အပတ်မှာဆိုရင် မီးလောင်မှုတွေ တိုက်ပွဲ ဖြစ်တာတွေ ရှိတော့ တော်ရုံလူများ ထောင်နား ကို သွားမှာ မဟုတ်ဘူးပေါ့နော်။ ထောင်ဝင်စာ ကိစ္စကတော့ လုံးဝမဖြစ်နိုင်သေးတဲ့ အခြေအနေပါ။”

လက်ရှိ လွိုင်ကော် အကျဉ်းထောင်တွင် အကျဉ်းသား ၅၀၀ ခန့်ရှိပြီး နိုင်ကျဉ်း အနေဖြင့် အကျဉ်းသား အယောက် ၁၄၀ ခန့် ရှိနေသည်ဟု KPPA က ပြောသည်။

မြေပြင်က စစ်ရေးအခြေအနေများကြောင့် နိုင်ကျဉ်းများနှင့်သာမကဘဲ အခြားပြစ်မှုအမျိုးမျိုးဖြင့် ကျခံနေရ သည့် အကျဉ်းသားများနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု ဆိုသည်။

လက်ရှိ မြန်မာတစ်နိုင်လုံးတွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်မှုဖြင့် အာဏာရှင်ကို တော်လှန်နေကြပြီး မကြာမီ အချိန်အတွင်း အရေးတော်ပုံ အောင်မြင်တော့မည် ဖြစ်သောကြောင့် ကျန်ရှိနေသည့် နိုင်ကျဉ်း ၁၄၀ အနေဖြင့် အားတင်းထားကြရန်နှင့် နိုင်ကျဉ်းမိသားစုများလည်း စိတ်ဓါတ်မကျကြဖို့ KPPA က တိုက်တွန်းထား သည်။

လတ်တလောတွင် KPPA အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အရေးကိစ္စများအပြင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ပူးပေါင်း၍ လစ် လပ်နေသည့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ကူညီဆောင်ရွက်နေ သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...