Dawei Watch သတင်းထောက်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

Dawei Watch သတင်းထောက်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

တနင်္သာရီတိုင်းရှိ Dawei Watch သတင်းဌာန၏ မြိတ်အခြေစိုက် သတင်းသမား ၂ ဦးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်၊ ညသန်းခေါင်အချိန်တွင် လာရောက်ဖမ်းဆီးသွားကြောင်း Dawei Watch က ယနေ့ ထုတ်ပြန်သည်။

ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု စစ်ကောင်စီက နေအိမ်များသို့ လာရောက်ဖမ်းဆီးချိန်တွင် မိသားစုကို ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးသွားခြင်းဖြစ်ပြီး Dawei Watch မီဒီယာပိုင် လပ်တော့ပ် ၂ လုံးအပါအဝင် သတင်းထောက်များ၏ ဖုန်းများနှင့် မိသားစုဝင်များ၏ ဖုန်းများကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

လတ်တလောစုံစမ်းချက်အရ စစ်ကြောရေးစခန်းတွင် ချုပ်နှောင်စစ်ဆေးနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်သဖြင့် ဖမ်းဆီးပိုင်ခွင့်မရှိကြောင်းနှင့် ဥပဒေမဲ့ ဖမ်းဆီးကာ စစ်ဆေးခံနေရသည့် Dawei Watch သတင်းသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

Dawei Watch သတင်းဌာနသည် သတင်းမီဒီယာလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် သတင်းဌာနဖြစ်ပြီး သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းများကို ရေးသားထုတ်လုပ်နေသည့် မီဒီယာတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်ကလည်း Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား အများအပြား ဖမ်းဆီးခံရပြီး မီဒီယာလွတ်လပ်ခွင့်လည်း များစွာ ဆိုးရွာလာနေသည်။

စစ်ကောင်စီက သတင်းသမားများကို ဖမ်းဆီးတရားစွဲဆိုမှုများကြောင့် သတင်းသမားများမှာ လုံခြုံရာနေရာတွင်  တိမ်းရှောင်ပြီး သတင်းလုပ်ငန်းကို လုပ်ကိုင်နေကြရသည်။

ယခုနှစ် အောက်တိုဘာလ ၂၉ ရက်ကလည်း ရခိုင်ပြည်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက်တစ်ဦးနှင့် ရုံးဝန်ထမ်းတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးကာ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၅) ဖြင့် အမှုဖွင့်ခဲ့သည်။

သတင်းသမားများ၊ သတင်းဌာနများအား စစ်ကောင်စီက ပစ်မှတ်ထားနေခြင်းမှာ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်များကို ဖော်ထုတ်ရေးသားခြင်းကြောင့်ဟု သတင်းသမားများက ပြောကြသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ပစ်မှတ်က သတင်းမီဒီယာတွေကို တိုက်ရိုက်ဦးတည်လာတယ်။ ဘာလို့လဲဆိုရင် သူတို့ရဲ့လုပ်ရပ်တွေကို အမှန်တကယ်ဖော်ထုတ်နေတဲ့ သတင်းမီဒီယာတွေကို ပြည်ဖျက် မီဒီယာတွေ ဆိုပြီးတော့ စွပ်စွဲလာတယ်။ အခုဖမ်းဆီးနေတာတွေကလည်း သတင်းသမားတွေကို သတင်းမလုပ်ရဲအောင် တမင်ရည်ရွယ်ပြီး ခြိမ်းခြောက်တာဖြစ်တယ်” ဟု ရခိုင်အခြေစိုက် သတင်းသမားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် သတင်းသမားရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၅၀ ဦး ထက်မနည်းမှာ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...