မျှော်မှန်းထားသော စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ထားနိုင်ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်

မျှော်မှန်းထားသော စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ထားနိုင်ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်
ဓာတ်ပုံ - 3 Brotherhood Alliance
ဓာတ်ပုံ - 3 Brotherhood Alliance

၁၀၂၇ စစ်ဆင်ရေးကာလ ရက် ၄၀ အတွင်း မျှော်မှန်းထားသော စစ်ဆင်ရေးပစ်မှတ်များကို ရယူနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA + TNLA + AA) က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ရေးအရပစ်မှတ်ထားသည့် နေရာများကို ရရှိနိုင်ရေးအတွက် မရပ်မနားဘဲ ဆက်တိုက်ထိုးစစ်ဆင်ခဲ့မှုကြောင့် ထိုက်တန်သော အောင်မြင်မှုများကို အထိုက်အလျောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

လက်ရှိတွင် ရှမ်းမြောက်ဒေသရှိ ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်ကြမ်း မြို့ကြီး(၅)မြို့နှင့် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစန်းကြော့ တရုတ်-မြန်မာနယ်စပ်ဂိတ် (၄) ခုကို ညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားသည်။ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း ၂၀၀ ကျော်ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ကာ တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီရှိနေသည်။

“ဒီစစ်ဆင်ရေးဟာ တစ်နိုင်ငံလုံးနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးဖြစ်တယ်။ ဒီလိုပုံစံမျိုးက သမိုင်းထဲမှာလည်း မရှိခဲ့ဘူး။ ဒီလုပ်ဆောင်ချက်တွေက ညီနောင်သုံးဖွဲ့အနေနဲ့ မဟာဗျူဟာကျကျ လုပ်ဆောင်နေတဲ့ စစ်ရေးစီမံချက်တစ်ခုလို့မြင်တယ်။ ဒါကြောင့်လည်း အောင်မြင်မှုတွေ ရရှိနေတာဖြစ်တယ်” ဟု ရခိုင့်နိုင်ငံရေးသမားတစ်ဦးက ရှုမြင်သည်။

ရှမ်းမြောက်ဒေသအတွင်း စစ်ဆင်ရေးရက်ပေါင်း ၄၀ ပြည့်နေ့ထိ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါနှင့် ကျောက်မဲ မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင်လည်း တိုက်ပွဲရက်ပေါင်း ၂၀ ကျော်အတွင်း စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်း(၄)ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများ စွန့်လွှတ်ထားခဲ့သည့် ရဲစခန်းပေါင်း ၄၀ ကျော်ကို AA က သိမ်းပိုက်ရရှိထားသည်။

ယင်းအပြင် စစ်ရေးအရအက္ခရာကျသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA ရက်ပေါင်း ၂၀ ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာ ၄ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။ နှုံးဘူးဗျူဟာကုန်း သိမ်းပိုက်နိုင်ရေးအတွက်လည်း ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က ဆိုထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးကို ရည်ရွယ်သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု ပြည်သူများက ယုံကြည်နေကြသည်။

“တစ်ချိန်တည်းမှာ တခြားသောတိုင်းနဲ့ပြည်နယ် ဒေသအသီးသီးက လက်နက်ကိုင်တွေ အုံကြွလာမယ် ဆိုရင်တော့ စစ်ကောင်စီရဲ့နေပြည်တော်ကို သိမ်းပိုက်တဲ့အနေအထားအထိ သက်ရောက်လာလိမ့်မယ်လို့ ယူဆတယ်” ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲပြင်းထန်နေချိန်တွင် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန်လိုအပ်သည်ဟု စစ်ကောင်စီက ပြောဆိုလာသော်လည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ အလုပ်မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...