တိုက်ပွဲပြင်းထန်နေချိန် ဆာဆာကာဝါ ရောက်လာခြင်းအပေါ် နိုင်ငံရေးအကဲခတ်များ အမြင်

တိုက်ပွဲပြင်းထန်နေချိန် ဆာဆာကာဝါ ရောက်လာခြင်းအပေါ် နိုင်ငံရေးအကဲခတ်များ အမြင်
နေပြည်တော်တွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံနေသော မစ္စတာ ဆာဆာကာဝါ။ (ဓာတ်ပုံ - MRTV)
နေပြည်တော်တွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံနေသော မစ္စတာ ဆာဆာကာဝါ။ (ဓာတ်ပုံ - MRTV)

ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါသည် နေပြည်တော်သို့ ရောက်ရှိလာပြီး နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်ထိ စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပိုင် MRTV သတင်းက ထုတ်ပြန်သည်။

မစ္စတာ ဆာဆာကာဝါမှာ ရခိုင်တိုက်ပွဲကာလအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းပေးခဲ့သူအဖြစ် ထင်ရှားသူတစ်ဦးလည်း ဖြစ်သည်။

လက်ရှိ ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးပြင်းထန်နေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ မစ္စတာ ဆာဆာကာဝါ ရောက်လာခြင်းမှာ စေ့စပ်ညှိနှိုင်းပေးရန်ဟု ထုတ်ပြောထားခြင်း မရှိသေးသော်လည်း၊ ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ခြေရှိကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်ကြသည်။

“အခုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးလုပ်နေတာလို့ ပြောထားတာလည်း ရှိတဲ့အတွက်ကြောင့်မို့ ရခိုင်တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရဘူး။ ၁၀၂၇ မှာ ပူးပေါင်းပါဝင်နေတဲ့ အခြားအဖွဲ့အစည်းအားလုံးရဲ့ သဘောထားနဲ့မှပဲ ငြိမ်းချမ်းရေးကို သွားလို့ရမယ်။ ဆိုတော့ ယာယီ အပစ်အပစ်အခတ် ရပ်စဲတာမျိုးပဲဖြစ်ဖြစ်၊ ဒါတွေကို လတ်တလော ဆွေးနွေးရုံလောက်နဲ့တော့ အဆင်ပြေမယ်လို့မထင်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည်က ပြောသည်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း “ဆာဆာကာဝါက ရခိုင်ပြည်နဲ့ပတ်သက်ပြီးတော့ တော်တော်လေး အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို သူနားမလည်လောက်ပါဘူး။ သူက ပရဟိတလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ လူတစ်ယောက်တော့ ဟုတ်ပါတယ်” ဟု မှတ်ချက်ပေးသည်။

မစ္စတာ ဆာဆာကာဝါသည် စစ်ကောင်စီ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်တွေ့ဆုံခဲ့ပြီး ကယား၊ ကရင်၊ မွန်၊ ရှမ်းနှင့် ရခိုင်ပြည်တို့တွင် နီပွန်ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

“အရင်ရခိုင်တိုက်ပွဲတွေ ရပ်တန့်ပြီးနောက်ပိုင်းမှာ သူ့ဆီက အကူအညီပေးခဲ့တဲ့ စားနပ်ရိက္ခာတွေဟာ လပေါင်းမြောက်များစွာ နှောင့်နှေးကြန့်ကြာခဲ့တာတွေရှိတော့ အခုတစ်ကြိမ်လာတာကလည်း နီပွန်ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ လာပြီးလေ့လာတဲ့ခရီးစဉ်ပဲ ဖြစ်ဖို့များပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လာရောက်တာလို့တော့ တိတိကျကျပြောဖို့ခက်လို့ စောင့်ကြည့်ရမယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

မစ္စတာ ဆာဆာကာဝါမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် တိုက်တွန်းမှုများရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ရခိုင်တကျော့ပြန် တိုက်ပွဲတွင်လည်း ၎င်း၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲမှုများ ရှိခဲ့သည်။

လက်ရှိတွင် နိုဝင်ဘာလ ၁၃ ရက်မှစပြီး ရခိုင်မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...