ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး မြို့ခံထောင်ချီ ပိတ်မိနေ

ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး မြို့ခံထောင်ချီ ပိတ်မိနေ
ယနေ့ ဒီဇင်ဘာလ ၁ ရက် ကော့ကရိတ်တိုက်ပွဲကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်ယာဉ် ရာချီပိတ်မိနေသည်။ ဓာတ်ပုံ - CJ
ယနေ့ ဒီဇင်ဘာလ ၁ ရက် ကော့ကရိတ်တိုက်ပွဲကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်ယာဉ် ရာချီပိတ်မိနေသည်။ ဓာတ်ပုံ - CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနှင့်  မြို့ပြင် အာရှလမ်းမဘေးရှိ စစ်ကောင်စီတပ်စခန်းရှိရာ နေရာများတွင် ယနေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေကာ မြို့ခံ ၇,၀၀၀ ကျော် ပိတ်မိနေကြောင်း သိရသည်။

ကော့ကရိတ်မြို့အနီး  အံဖ၊ ရွာတန်းရှည်၊ နန်းရွှေမှုံရွာ၊ လှိုင်ဝနှင့် ကော့နွဲ့ကျေးရွာနှင့် အာရှလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကော်သူးလေတပ်မတော် (KTLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့ နံနက်  ၄ နာရီမှ မွန်းလွှဲ ၁ နာရီဝန်းကျင်ထိ တိုက်ပွဲပြင်းထန်နေသည်။

“မနက်အစောကြီးထဲက တိုက်ပွဲဖြစ်နေတာ။ ရွာတန်းရှည်၊ နန်းရွှေမှုံရွာနဲ့ ကော့နွဲ့ဘက်မှာ စစ်ကောင်စီတပ်စခန်းတွေ အလံဖြူပြကုန်တယ်လို့ သိရတယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးအချို့နှင့် လူနေအိမ်များမှာလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်နေကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်-မြဝတီ ခရီးသည်နှင့် ကုန်တင်ယာဉ် ရာချီလည်း ကော့ကရိတ်မြို့အနီးတွင် ပိတ်မိနေသည်။

“မြို့ထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ရုံး၊ နေအိမ်တွေ မီးလောင်နေပြီ။ ကုန်ကားတွေ၊ ခရီးသည်ယာဉ်တွေပါ မြို့အနီးမှာ ပိတ်မိနေတယ်။ အချို့ကုန်ကားသမားတွေဆို မြောင်းထဲပြေးပုန်းနေရတယ်” ဟု ရန်ကုန်- မြဝတီနယ်စပ် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

အလားတူ ကော့ကရိတ်မြို့မ စျေးကြီး၊ တံတားဦး၊ ခင်နိမ်းမူ၊ ဝင်းကြီး၊ သပြေကုန်း၊ မြို့တော်ဦး၊ ချောင်းတောင်နှင့် အောက်ရွာမွေးမြူရေးဇုန် စသည့် နေရာတို့တွင် လက်ရှိ မွန်းလွဲ ၁ နာရီကျော်အချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကာ မြို့ခံ  ၇,၀၀၀ ခန့် ပိတ်မိနေကြောင်း သိရသည်။

“အခုထိ ပစ်ခတ်သံတွေ မရပ်သေးဘူး။ ဈေးကြီးနေရာမှာ စစ်တပ်တွေ နေရာယူထားတယ်။ အောက်ရွာ မွေးမြူရေးဇုန်မှာဆို လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်နေတာ။ မြို့ထဲကနေ ထွက်မရတော့ဘူး။ မြို့ခံတော်တော်များများက အစကတည်း ရှောင်နေတာဆိုပေမဲ့ ၇,၀၀၀ လောက်တော့ကျန်မယ်လို့ ခန့်မှန်းရတယ်” ဟု မွေးမြူရေးဇုန်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားအတွင်း ပါဝင်နေသူအားလုံးကို တစ်ပတ်အတွင်း အမြန်ဆုံး ထွက်သွားရန် ကရင်အမျိုသားအစည်းအရုံး(KNU) က နိုဝင်ဘာလ ၁၇ ရက်က ထုတ်ပြန်ပြီးနောက် ယနေ့တွင် တော်လှန်ရေး အင်အားစုများက ဝင်တိုက်လာခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်စဉ်များအတွင်း ကော့ကရိတ်မြို့အနီး လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲကာ သေဆုံးဒဏ်ရာရသူတချို့ရှိကြောင်း သိရသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...