ပိတ်မိနေသည့် လောက်ကိုင် ဒေသခံထောင်ချီ နေရပ်ပြန်ခွင့်ရ

ပိတ်မိနေသည့် လောက်ကိုင် ဒေသခံထောင်ချီ နေရပ်ပြန်ခွင့်ရ
လောက်ကိုင်မြို့မှ  ထွက်ခွာလာသည့် ရွှေ့ပြောင်းလုပ်သားများကို နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် ရွှေ့ပြောင်းလုပ်သားများကို နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး ပြင်းထန်သည့်တိုက်ပွဲများကြောင့် တစ်လနီးပါးကြာ ပိတ်မိနေသည့် ဒေသခံ ၂၀,၀၀၀ ကျော်မှာ နိုဝင်ဘာ ၂၆ ရက်မှစပြီး နေရပ်ပြန်ခွင့်ရပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့်အဖွဲ့ (MNDAA) ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်ကစပြီး တိုက်ပွဲဖြစ်နေသဖြင့် ရွှေ့ပြောင်းလုပ်သားမျာနှင့် ပြည်သူသောင်းနှင့်ချီမှာ မြို့ထဲတွင်  တစ်လနီးပါးကြာ ပိတ်မိနေခြင်း ဖြစ်သည်။

လောက်ကိုင်မြို့သို့ လာရောက်ပြီး အလုပ်လုပ်နေသူတစ်ဦးက “MNDAA ဘက်က လမ်းပြန်ဖွင့်ပေးလိုက်တော့ အကုန် လောက်ကိုင်ကနေ ပြန်ထွက်နေပြီ။ ကျနော်အပါအဝင် အလုပ်ထဲကလူတွေအကုန် ပြန်နေကြပြီ။ မြို့ထဲမှာ ကျန်တဲ့သူတွေလည်း ရှိနေသေးတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၆၊ ၂၇ ရက်များတွင် မြို့ခံအများစုမှာ မော်တော်ယာဉ်အစီးရေ ထောင်ချီဖြင့် လောက်ကိုင်မြို့မှတဆင့် ချင်းရွှေဟော်မြို့ဘက်သို့ ထွက်ခွာနေကာ MNDAA အဖွဲ့မှ‌ စောင့်ကြည့်မှုများရှိကြောင်း ထွက်လာသူများထံမှ သိရသည်။

လောက်ကိုင်မြို့အထွက်က ဆယ်တန်ဂိတ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများရှိနေသဖြင့် ရှောင်ကွင်းလမ်း များမှတစ်ဆင့် ပါစင်ကျော်ဂိတ်၊ နမ့်တစ်နှင့် ‘ဝ’ ဒေသ ပန်ဆန်းမြို့ကတစ်ဆင့် လားရှိုးမြို့ကို ပြန်သူများလည်းရှိကြောင်း သိရသည်။

လောက်ကိုင်မြို့ထဲ ပိတ်မိနေစဉ် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ကာ စားနပ်ရိက္ခာနှင့် နေစရာအခက်အခဲ များအပြင် ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်ခဲ့ကြောင်း လွတ်မြောက်လာသူ ရွှေ့ပြောင်းလုပ်သားများက ပြောဆိုသည်။

“မြို့ထဲမှာက ထောင်ချီ ကျန်သေးတယ်။ မြို့ထဲမှာ ဆန်တွေ စားသောက်စရာတွေ ဘာမှကို ဝယ်လို့မရဘူး။ ဖုန်းလိုင်းက တရုတ်ဝိုင်ဖိုင်ကလွှဲပြီး ဘာမှကို သုံးမရတာ။ အခု နမ့်တစ်ဖက်ရောက်မှပဲ မြန်မာဖုန်းကဒ်တွေကော အင်တာနက်တွေပါ သုံးခွင့်ရတယ်။ အိမ်နဲ့အဆက်အသွယ် ပြန်ရတယ်” ဟု ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ  ၂၂ ရက်၊ နံနက်ပိုင်းတွင် လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် ထွက်လာသည့် ကားတစ်စီးပေါ်သို့ လက်နက်ကြီးကျမှုကြောင့် ဒေသခံ ၁၄ ဦး သေဆုံးသွားခဲ့သည်။

ညီနောင် ၃ ဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး (၁) လပြည့်တွင် ထိုက်သင့်သောအောင်မြင်မှုများကို ရရှိထားပြီး စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များအတွက် စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဟု ကြေညာထားသည်။ ယင်းအပြင် ကိုးကန့်လူမျိုးတို့အတွက် “လောက်ကိုင်မြို့သိမ်း” တိုက်ပွဲကိုလည်း မကြာမီ စတင်တော့မည်ဟု ညီနောင် ၃ ဖွဲ့က သတိပေးထားသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...