တိုက်ပွဲနှင့် စစ်ကောင်စီလက်နက်ကြီးကို ကြောက်၍ ရခိုင် မြို့နယ် ၉ ခုတွင် စာသင်ကျောင်း ရာနှင့်ချီပိတ်ထားရ

တိုက်ပွဲနှင့် စစ်ကောင်စီလက်နက်ကြီးကို ကြောက်၍ ရခိုင် မြို့နယ် ၉ ခုတွင် စာသင်ကျောင်း ရာနှင့်ချီပိတ်ထားရ

ရခိုင်တွင်လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ အပါအဝင်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်  ရမ်းသန်းပစ်ခတ်နေမှုကြောင့် မြို့နယ် (၉) ခုတွင်စာသင်ကျောင်းများ ရာနှင့်ချီပြီးပိတ်ထားရသည် ဟုသတင်းရရှိသည်။

ကျောင်းပိတ်ထားရသည့် မြို့နယ်(၉)ခုမှာ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊  ကျောက်တော်၊မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်နှင့် အမ်းမြို့နယ်တို့မှ ကျောင်းတချို့ပါဝင်သည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ ပေါက်တောမြို့ပေါ်မှာဆိုရင် ကျောင်းတွေ အကုန်လုံးပိတ်ထားရပါတယ်။ မင်းပြားမြို့ပေါ်မှာလည်း ဒီအတိုင်းပါပဲ။ နယ်တွေမှာလည်း ဆရာ ဆရာမတွေ စိုးရိမ်ပြီး ကျောင်းမလာကြတော့ ကျောင်းတွေ ပိတ်ထားရပါတယ်”ဟု ၎င်းက ပြောသည်။

 ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်စပြီး ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ သောင်းနှင့်ချီပြီး စစ်ရှောင်နေကြရသဖြင့် စာသင်ကျောင်း အများအပြားကိုလည်း ပိတ်ထားရသည်။   

ရသေ့တောင်မြို့ခံတစ်ဦးက " အစိုးရက တရားဝင်စာထုတ်ပြန်ထားလို့ ပိတ်ထားတာတော့ မရှိပါဘူး။ဒါပေမယ့် ပညာရေးဝန်ထမ်းတွေလည်းအခုချိန်မှာ စစ်ဘေးတိမ်းရှောင် နေကြရတယ်။ အဲ့ဒီတော့ ကျောင်းတွေလည်း မလာနိုင်ကြတော့ပါဘူး" ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။

စစ်ကောင်စီက နေ့စဉ်လိုလို လက်နက်ကြီးငယ်များဖြင့်ရမ်းသန်းပစ်ခတ်နေသည့် မင်းပြားမြို့တွင်လည်း တစ်မြို့လုံး နီးပါးတိမ်းရှောင်နေရသလို ‌စာသင်ကျောင်းများနှင့် စျေးဆိုင်များပါ ပိတ်ထားရသည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" စကစတွေက နေ့တိုင်းလိုလို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ဖြိုပစ်နေတာ ဘယ်သူက ကျောင်းတက်ရဲပါ့မလဲ။ အိမ်မှာတောင် မနေရဲတာ။ ကျောင်းမှာဆို ကလေးတွေအတွက် ပိုစိုးရိမ်ရတာပေါ့။  ဆရာ/ဆရာမတွေလည်း ကျောင်းမလာနိုင်ကြတော့ဘူး "ဟုပြောသည်။

စစ်တပ်က ဖမ်းဆီး သတ်ဖြတ်မည်ကို စိုးရိမ်၍ တစ်မြို့လုံးနီးပါး မြို့ကို စွန့်ခွာခဲ့ကြရသည့် ပေါက်တောမြို့ပေါ်တွင်လည်း ကျောင်းများအားလုံး ပိတ်ထားရပြီး ပညာရေးဝန်ထမ်းများကို စစ်တပ်က ဖမ်းဆီးထား၍ ပိုစိုးရိမ်စရာ ဖြစ်နေကြရသည်ဟု ပေါက်တောမြို့မှ ပညာရေးဝန်ထမ်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကျမအစ်ကိုလည်းကျောင်းဆရာ။  သူနဲ့အတူဖမ်းဆီးခံထားရတဲ့ ကျောင်းဆရာမတွေလည်း ရှိပါသေးတယ်။ ပညာရေးအတွက်လည်းနစ်နာတယ်။ မြို့ပေါ် လူလည်းမရှိဘူး။ ကျောင်းတွေလည်း အကုန်ပိတ်ထားပါတယ်" ဟုပြောသည်။

မောင်တောမြို့မှ ပညာ‌ရေးဝန်ထမ်းတစ်ဦးက" တိုက်ပွဲဖြစ်နေတော့ ကလေးတွေရဲ့ မိဘ‌တွေကလည်း စိတ်ပူပန်တာ တစ်မျိုးရှိသလို  ဆရာ ဆရာမ‌တွေလည်း ကျောင်းမသွားကြပါဘူး" ဟုပြောသည်။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း စုစုပေါင်း ၃,၁၉၃ ကျောင်းရှိပြီး ထိုအထဲတွင် အခြေခံပညာ အထက်တန်းကျောင်း (၄၈၇)ကျောင်း၊ အလယ်တန်းကျောင်း(၁၁၇၁)ကျောင်း နှင့် မူလတန်းကျောင်း (၁၅၃၅)ကျောင်း ရှိကြောင်း သိရသည်။

ရခိုင်တွင် လက်ရှိကျောင်းပေါင်းရာနှင့်ချီပြီး ပိတ်ထားရသည်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြု နိုင်သော်လည်း အရေအတွက် အတိအကျကိုမူ ပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မရသဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...