ကျောက်ဖြူမြို့ ကုန်းလမ်း၊ ရေလမ်းကို စစ်ကောင်စီပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့

ကျောက်ဖြူမြို့ ကုန်းလမ်း၊ ရေလမ်းကို စစ်ကောင်စီပိတ်ထားသဖြင့် ဒေသခံများအခက်တွေ့
ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ကင်းလှည့်နေသည့် စစ်ရေယာဉ်တစ်စီးကို နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ကင်းလှည့်နေသည့် စစ်ရေယာဉ်တစ်စီးကို နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်၊ ကျောက်ဖြူမြို့သို့ ဝင်ရောက်ရာ ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများတွင် အခက်အခဲရှိနေကြသည်။

ကျောက်ဖြူမြို့အဝင် ကားလမ်းရှိ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၁၃ ရက်နေ့က ပိတ်ပင်လိုက်ပြီး၊ ရေလမ်းကြောင်းများကိုလည်း နိုဝင်ဘာလ ၁၉ ရက်မှ လာမည့် ဒီဇင်ဘာ ၁၉ ရက်နေ့ထိ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး၏ ဒေသန္တရအမိန့် ထုတ်ပြန်ချက်တွင် “မြို့နှင့်ထိစပ်လျက်ရှိသော ပင်လယ်မြစ်ကမ်းတစ်လျှောက်ရှိ ရေနယ်နိမိတ်နှင့် ကမ်းခြေဒေသများတွင် မည်သူမဆို အမိန့် တစ်စုံတစ်ရာမရှိဘဲ (၂၄) နာရီပတ်လုံး ငါးဖမ်းထွက်ခြင်း၊ ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်းများ မပြုလုပ်ကြရန်” တားမြစ်ထားသည်။

ကျောက်ဖြူမြို့သည် ပင်လယ်ကျွန်းမြို့ဖြစ်သည့်အလျောက် ရေလမ်းကြောင်ကို အဓိက အသုံးပြုသွားလာရပြီး စားသောက်ကုန်အတွက်လည်း ပြည်မဖက်မှ တင်သွင်းကုန်များကို မှီခိုနေရခြင်းကြောင့် ယခုကန့်သတ်ပိတ်ဆို့မှုကို ဖြေလျော့ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုသည်။

“ဒါက မလိုအပ်တဲ့အရာလို့ မြင်တယ်။ ဒီကန့်သတ်ပိတ်ဆို့မှုက တော်လှန်တဲ့အဖွဲ့အစည်းတွေကို လုပ်တာလား၊ ပြည်သူတွေကိုပဲ လုပ်တာလား။ တကယ်တမ်း ပြည်သူတွေအပေါ်ပဲ သက်ရောက်တာမို့ ဒီတင်းကျပ်မှုတွေက မလိုအပ်ဘူးလို့ ထင်တယ်” ဟု ကျောက်ဖြူမြို့ခံ ဦးထွန်းလွင်က ပြောသည်။

လက်ရှိတွင် ကျောက်ဖြူရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေပြီး မြို့ပေါ်ရပ်ကွက်တွင်လည်း စစ်ကောင်စီက လက်နက်အပြည့်အစုံဖြင့် လှည့်လည်ကာ ဧည့်စာရင်းစစ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လုံခြုံရေးတင်းကျပ်မှုကြောင့် ရေလုပ်သားများနှင့် နေ့စားလုပ်သားများမှာ စားဝတ်နေရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေကြရသည်။ “အရင်ကဆို လမ်းခင်း၊ ပန်းရံအလုပ်တွေ မရှိရင်တောင် မြစ်ချောင်းတွေမှာ ငါးရှာစားလို့ ရသေးတယ်” ဟု ငလပွေ့ရပ်ကွက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ယခင်စစ်ရေးကာလက တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။ လက်ရှိတွင်လည်း တိုက်ပွဲများ ရှိမနေသဖြင့် မလိုလားအပ်သော လုံခြုံရေးတင်းကျပ်မှုများကို ဖြေလျော့ပေးသင့်ကြောင်း မြို့ခံများက ထောက်ပြကြသည်။

ကျောက်ဖြူ မြို့မိမြို့ဖတစ်ဦးက “လိုအပ်လို့ စစ်ဆေးမယ်ဆိုရင် စစ်ဆေးပေါ့။ လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ထားရတဲ့အထိ လုပ်ဖို့မသင့်ဘူး” ၎င်း မြို့မိမြို့ဖက ပြောသည်။

ကျောက်ဖြူမြို့သို့ အဝင်အထွက်ပိတ်ပင်ထားခြင်းနှင့် ရေပိုင်နက်အတွင်း သွားလာခွင့်တားမြစ်ထား၍ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများအပြင် အရေးပေါ်လူနာများအတွက်လည်း အခက်အခဲများ ရှိလာနိုင်သည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသခံတစ်ဦးက “ရွာအတွက်လိုသမျှ စားနပ်ရိက္ခာတွေကို ကျောက်ဖြူမြို့ကနေပဲ သွားဝယ်နေရတာ။ အခုလို (၁)လလုံးလုံး သွားလာခွင့်ပိတ်မှာကိုလည်း ကြိုမသိရတော့ အခက်အခဲတွေ့ပြီပေါ့” ဟု ပြောသည်။

ကျောက်ဖြူမြို့ကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း အား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...