ပဋိပက္ခကြောင့် သထုံခရိုင်အတွင်း ဒေသခံပြည်သူများ စိုးရိမ်မှုဖြစ်ပေါ်နေ

ပဋိပက္ခကြောင့် သထုံခရိုင်အတွင်း ဒေသခံပြည်သူများ စိုးရိမ်မှုဖြစ်ပေါ်နေ

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း မိုင်းနင်းမိသည့်ဖြစ်စဉ်၊ မိုၚ်းစွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် လက်နက်ကြီးကျကွဲသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် ဥယျာဉ်ခြံများနှင့် လူသွားလမ်းနေရာတို့တွင် ဒေသခံများ မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ်၊ ကား၊ ဆိုင်ကယ် မိုင်းစွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လူနေကျေးရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ညနေကပင် သထုံမြို့နယ်၊ ကင်မွန်းချုံကျေးရွာ အရှေ့ဘက်လယ်ကွင်းအတွင်း နွားစာ မြက်ရိတ်သွားသည့် မောင်ဝင်းသိုက်ထွန်းအပါအဝင် အသက် ၁၃ နှစ်အရွယ် လူငယ် သုံးဦးသည် မြေမြုပ်မိုင်းနင်းပေါက်ကွဲပြီး သေဆုံးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ ခြံလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိတော့ကြောင်း၊ အချို့ ခြံလုပ်ငန်းကို စွန့်ခွာပြီး အခြားအလုပ်ပြောင်းလုပ်ကြသူများလည်းရှိလာသည်ဟု ကျိုက်ထိုဒေသခံတို့က ဆိုသည်။

“အစ်မတို့ဆိုရင် လုပ်ကိုင်ဖို့အတွက် ခြံရှိတယ်။ ဒါပေမဲ့ မသွားရဲဘူး။ ခြံသွားရင်းနဲ့ မိုင်းထိမှာကို

ကြောက်နေရတယ်။ ခြံကိုပစ်ထားရတယ်။ ကြုံရာအလုပ်ကိုပဲ လုပ်ကိုင်နေရတယ်။ တစ်ချို့လူတွေဆို မနေရဲလို့ သူများတွေရဲ့ လယ်စောင့်တဲတွေမှာ ငှားနေနေရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်း ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ အလုပ်ကောင်းစွာ မလုပ်ကိုင်နိုင်ခြင်းကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းလာကြောင်း ဒေသခံတို့က ဆိုသည်။

အလားတူ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာတွေကြောင့် ဒေသခံပြည်သူများ စိုးရိမ်းပူပန်နေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“အဒေါ်တို့က ကြောက်ကြောက်နဲ့ ဆက်နေနေရတာပေါ့။ ဘယ်အချိန်ပစ်လာမလဲဆိုတာကို

ကြိုမသိနေတော့ သတိနဲ့နေနေရတယ်။ ပစ်နေတာ ကိုယ့်အနီးအနားမှာပဲဖြစ်နေတော့ စိုးရိမ်နေရတာပေါ့” ဟု ရေးမြို့နယ်၊ ကျုံလောင်ရွာခံတစ်ဦးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လှုပ်ရှားမှုအားကောင်းသည့် ရေး၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည်။

စစ်ရေးလှုပ်ရှားမှုအားကောင်းသည့် ရေး၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင် မိုင်းနင်းမိခြင်း၊ မိုင်းစွဲတိုက်ခိုက်ခံရခြင်း၊ လက်နက်ကြီးကျကွဲခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

Most read this week

December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...