ပေါင်ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးပြီး ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရ

ပေါင်ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးပြီး ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ‌ဒေသခံနှစ်ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ်  နိုင်ငံရေး လှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ပေါင်မြို့၊ ကဒုံစီးရပ်ကွက်နေ အသက် ၅၂ အရွယ် ဦးဝင်းနိုင်နှင့် ပေါင်မြို့နယ် ကုလားချောင်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုကောင်းမြတ်တို့ကို စစ်ကောင်စီက အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဦးဝင်းနိုင်ကို ပေါင်မြို့မ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီးနောက် လူမှုကွန်ရက်ပေါ် တော်လှန်ရေးသတင်းများ မျှဝေခဲ့သည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့သည်။

အလားတူ ကိုကောင်းမြတ်ကိုလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားပြီး ဇင်းကျိုက်နယ် မြေ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

“အဓိကက ဖုန်းထဲမှာ တော်လှန်ရေးပို့စ်တွေ ဖြန့်ဝေထားတယ်ဆိုပြီး အမှုဖွင့်လိုက်တာ။ မိသားစုနဲ့လည်း တွေ့ခွင့် မပေးဘူး။ သူ(ကိုကောင်းမြတ်) မိသားစုဝင်တွေက စိုးရိမ်နေကြတာ” ဟု ကုလားချောင်းဒေသခံတစ်ဦးက ပြော သည်။

ဦးဝင်းနိုင်နှင့် ကိုကောင်းမြတ်တို့သည် နိုင်ငံတော် တည်ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လူမှုကွန်ရက် စာမျက်နှာ ပေါ် ရေးသားဖြန့်ဝေခဲ့သည့်အတွက် ဖမ်းဆီးအမှုဖွင့်ခဲ့သည်ဟု အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ အသက် ၂၀ နှစ်အရွယ် စောရာ ဇာမင်း၊ အသက် ၂၂ နှစ်ရှိ အောင်မင်းထွေး၊ အသက် ၃၃ နှစ်ရှိ ချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ အသက် ၂၂ နှစ်ရှိ မအေးနီနီအောင်တို့ ၄ ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ်  နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက် စေ မည့် စာသားများ ရေးသားဖြန့်ဝေသည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး အမှုဖွင့်ခဲ့ သေးသည်။

ပေါင်မြို့နယ်အတွင်း ရဲတပ်သားတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်အပြင် ရဲစခန်း၊ ဌာနဆိုင်ရာရုံး တိုက်ခိုက်ခံရ သည့် ဖြစ်စဥ်များ ဖြစ်ပြီးနောက် စက်တင်ဘာလ ပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက်မှ ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်၊ ကိုဖိုးချို၊ ဒေါ်ခင်သန်း နု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က၊ ၅၀-ည တို့ဖြင့် အမှု ဖွင့်ခံထားရသည်။

စစ်ကောင်စီက လူမှုကွန်ယက်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂-က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃-က နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

Data for Myanmar အဖွဲ့က ထုတ်ပြန်ထားချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ လူမှု ကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် နိုင်ငံတဝှမ်း ဖမ်းဆီးခံရသူ ၁၃၁၆ ဦးရှိပြီး မွန် ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။

July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...
July 16, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီးသို့ စစ်ကြောင်းထိုးလာသည့်...
July 16, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်...
July 15, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် တစ်ရက်တည်း၌ ဖမ်းဆီးခြင်းခံခဲ့ရသည့်...