ကျိုက်ထိုတွင် ရေဘေးသင့်ပြည်သူ ၈၀၀ နီးပါး အကူအညီလိုအပ်နေ

ကျိုက်ထိုတွင် ရေဘေးသင့်ပြည်သူ ၈၀၀ နီးပါး အကူအညီလိုအပ်နေ
ရေဘေးသင့်ပြည်သူများအား ကယ်ထုတ်နေစဉ် (ဓါတ်ပုံ- လူမှုကွန်ရက်၊ ပိုသူကူ လိုသူယူ ကျိုက်ထို)
ရေဘေးသင့်ပြည်သူများအား ကယ်ထုတ်နေစဉ် (ဓါတ်ပုံ- လူမှုကွန်ရက်၊ ပိုသူကူ လိုသူယူ ကျိုက်ထို)

မွန်ပြည်နယ်၊ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူ ဦးရေ ၈၀၀ နီးပါးရှိလာပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ  ခြောက်ရက်ဆက် မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းမှုများကာ ထိုသို့ ရေကြီးရေလျှံလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့တွင် မိုးဆက်တိုက် ရွာသွန်းနေခြင်းဖြစ်သည်။

မိုးရွာသွန်းမှုများသည်နှင့်အမျှ တောင်ကျရေ စီးဆင်းမှု များလာသဖြင့် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ကျိုက် ထိုမြို့နယ် အေးရိပ်ငြိမ်၊ ဇေယျာမွန်ကွက်သစ်တိုးချဲ့၊ မြောက်ပိုင်းတိုးချဲ့၊ ဇေယျာရွှေပြည်နှင့် အောင်ချမ်းသာ ရပ်ကွက်တို့တွင် နေအိမ်များအထိ ရေဝင်ရောက်လာကာ အဆိုပါ ရပ်ကွက်များမှ ဒေသခံပြည်သူ ၈၀၀ နီးပါး ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း ရေဘေးသင့်ပြည်သူများအား ကူညီနေသူ တစ်ဦးက ပြောသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်၍ အကူအညီပေးနေမှုများ ရှိသော်လည်း ဆေးဝါးကုသမှု၊ အစားအသောက်နှင့် ရေလိုအပ်ချက်များ ရှိနေကြောင်း အဆိုပါ သတင်းအရင်း အမြစ်က ဆိုသည်။

“အားလုံးပေါင်း ၇၀၀ ကျော် ၈၀၀ နီးနီးရှိတယ်။ အတိအကျတော့ စာရင်းလုပ်ဆဲပဲ။ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းသုံးခုဖွင့်ထားပါတယ်။ လူက အရမ်းများသွားတော့ လိုအပ် တာလည်း များသွားတဲ့သဘောပေါ့။ တစ်နိုင်တစ်ပိုင် ကူညီကြပေမယ့် မလုံလောက်တာမျိုးပါ။ အဓိက လိုတာ ကတော့ ဆေးနဲ့ ရေပါပဲ။ အစားအသောက်လည်း လိုပါတယ်” ဟု ရေဘေးသင့်ပြည်သူများအား ကူညီနေသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် မိုးရွာသွန်းမှု အနည်းငယ်လျော့နည်းခဲ့၍ ရေပြန်ကျနေပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ချေရှိ၍ ရေဘေးသင့်ပြည်သူများမှာ နေအိမ်မပြန်နိုင်သေးကြကြောင်း ကူညီနေသူ များက ပြောသည်။

“ဒီမှာက နှစ်တိုင်းရေကြီးနေကျပဲလေ။ ဒီနှစ်က တော်တော်ဆိုးဆိုး ရေများတာ။ ပြီးတော့ မိုးဇလက မိုးဆက်ရွာ နိုင်ချေ ရှိသေးတယ်ဆိုပြီး ပြောလာတာ ရှိသေးတော့ မပြန်ရဲကြဘူး။ ရေထရက်နဲ့ တိုးရင်တော့ ပိုဆိုးပြီပဲ” ဟု ရေဘေးသင့်ပြည်သူများအား ကူညီနေသူက ဆက်လက်ပြောဆိုသည်။

ထို့အပြင် မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများကာ အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ကျိုက်က္ကော်ဈေးအနီးနှင့် ဇင်းကျိုက်မြို့တို့တွင် ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်၌ ရေအနက် နှစ်ပေခွဲအထိ ရေလျှံမှုဖြစ်ပွားခဲ့ခြင်းရှိသည်။

“မနေ့ကနဲ့ တနေ့ကဆို ပေါင်တဝက်အထိ ရောက်တယ်လေ နှစ်ပေခွဲလောက်ပေါ့။ ဒီနေ့တော့ တော်တော် ရေပြန် ကျနေပါပြီ။ မိုးကတော့ ပုံမှန်ပဲ၊ အရမ်းတော့ မရွာတော့ဘူး” ဟု ကျိုက္ကော် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ မွန် ပြည်နယ်တွင် လာမည့် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းတည့်ချိန်အထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...