ပဲခူးရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အပ်ထည်မရသဖြင့် ဝန်ထမ်း ၂၇၀ အား အလုပ်မှ ထုတ်ပယ်

ပဲခူးရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အပ်ထည်မရသဖြင့် ဝန်ထမ်း ၂၇၀ အား အလုပ်မှ ထုတ်ပယ်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ အထူးဇုန်(၁)၊ ဥဿာ(၉) ရပ်ကွက်ရှိ တရုတ်နိုင်ငံသား Mr.Cai Jan Feng ပိုင် Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ်စက်ရုံ၌ အပ်ထည်မရသောကြောင့် ဝန်ထမ်း ၂၇၀ ခန့်အား အလုပ်မှထုတ်ပယ်လိုက်သည်။

စက်ရုံတွင်လုပ်ကိုင်လျက်ရှိသည့် လုပ်သက်ခြောက်လအောက်ဝန်ထမ်း ၂၅၀ ခန့်နှင့် လာမည့် အောက်တိုဘာလ ကုန်တွင် လုပ်သက်ခြောက်လပြည့်မည့် ဝန်ထမ်း ၂၀ ခန့်အား အလုပ်မှရပ်နားလိုက်ခြင်းဖြစ်သည်။

ထိုသို့ ဝန်ထမ်းလျော့ချမည့်အကြောင်းကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန သို့တင် ပြခဲ့ရာ လုပ်သက်ခြောက်လအောက်ဝန်ထမ်းများအား ဥပဒေကြောင်းအရ နစ်နာကြေးပေးလျော် ရန်မလို ကြောင်းနှင့် ဝန်ထမ်းများကို တလကြိုတင်အသိပေးရန်လိုအပ်ကြောင်း ဖြေကြားလာသဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က အသိပေးခဲ့ကြောင်း Myanmar Huasheng Yashili Fashion Co.Ltd ၏ တာဝန် ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုသို့အသိပေးပြီးနောက် ဝန်ထမ်းများဘက်မှ ကျေနပ်မှုမရှိသဖြင့် စက်ရုံရှေ့တွင်စုရုံးကာ တောင်းဆို ညှိုနှိုင်းမှု များဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် စက်ရုံဘက်မှ ဂရုဏာကြေးအနေဖြင့် လုပ်သက်ခြောက်လမပြည့်သေးသူ ဝန်ထမ်းတစ်ဦးလျှင် ကျပ် ၅၀,၀၀၀ ပေးခဲ့ကြောင်း  Myanmar Huasheng Yashili Fashion Co.Ltd ၏ တာဝန်ရှိသူတဦးမှ ပြောသည်။

“သူဌေးဘက်က ဂရုဏာကြေးပေးပါတယ်။ နောက်ပြီး ဒီဝန်ထမ်းတွေနဲ့ အောက်တိုဘာလကုန် အထိ ဆက်လက် လုပ်ကိုင်ဖို့ သဘောတူညီခဲ့ပါတယ်” ဟု Myanmar Huasheng Yashili Fashion Co.Ltd ၏ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် လျော့ချခံရမည့် စာရင်းတွင်ပါဝင်သည့် အောက်တိုဘာလကုန်၌ လုပ်သက်ခြောက်လပြည့်မည့် ဝန် ထမ်း ၂၀ ဦးခန့်ကိုလည်း ၎င်းတို့၏ နစ်နာကြေးအား စက်ရုံဘက်မှ ဥပဒေကြောင်းအရ လုပ်ဆောင်ပေး သွားမည် ဟုဆိုသည်။

“အစကတော့ သဘောမတူဘူးပေါ့လေ။ နစ်နာကြေးပေးတော့ အဆင်ပြေသွားကြပါတယ်” ဟု အလုပ်မှ ရပ်နားခံရသည့် ဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

စက်ရုံသည် အပြီးတိုင်ရပ်နားလိုက်ခြင်းမဟုတ်ဘဲ လက်ရှိအချိန်တွင် အပ်ထည် ထပ်မံမရရှိသေးသဖြင့် ဝန်ထမ်း အင်အားလျှော့ချခြင်းဖြစ်ကာ လက်ကျန်အထည်များအား ကျန်ရှိဝန်ထမ်းအင်အားဖြင့် ဆက်လက်လုပ်ဆောင် နေကြောင်းနှင့် လာမည့်နှစ်တွင် အပ်ထည်ထပ်မံရရှိလာရန် မျှော်လင့်ထားကြောင်းလည်း စက်ရုံတာဝန်ရှိသူမှ ဆိုသည်။

Myanmar Huasheng Yashili အထည်ချုပ်စက်ရုံသည် ဝန်ထမ်းအင်အား ၇၅၅ ဦးဖြင့် လည်ပတ်နေသည့် စက် ရုံဖြစ်ပြီး တစ်ရက်လျှင် အခြေခံလုပ်အားခ ၅,၆၀၀ ကျပ်နှုန်းဖြင့် နေ့စားလပေး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ စက်ရုံသည် မွှေးပွအထည်များ၊ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေးဝတ် အဝတ်အထည်များ၊ တီရှပ်များအား ချုပ်လုပ်နေသည့် စက်ရုံဖြစ်သည်။

“အခု ခေတ်ကာလအခြေအနေကတော့ ကျင့်ဝတ်နဲ့ညီတဲ့ Brand တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်လို ဘူး။ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုကိုလည်း ခေါ်ထားကြတာရှိတော့။ အလုပ်ထုတ်နစ်နာကြေးကတော့ ခြောက်လ အောက်ဆို ကြိုမပြောရင် Notice ကြေးရတယ်။ ကြိုပြောရင်တော့ Notice ကြေး မရဘူး။ အလုပ်ထုတ်နစ်နာ ကြေးကတော့ ဥပဒေအရ ပေးစရာမလိုဘူးပေါ့။ ဒါပေမယ့် တချို့အလုပ်ရှင်တွေ ကျပြန်တော့လည်း နစ်နာကြေး မပေးချင်ရင် ခြောက်လမပြည့်ခင် ထုတ်လိုက်ကြတာမျိုးတော့လည်း ရှိ တယ်”ဟု မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောသည်။

အလုပ်ရှင်များအနေဖြင့်လည်း အခက်အခဲတစုံတရာကြောင့် စက်ရုံအလုပ်ရုံ လည်ပတ်မှုရပ်နားရခဲ့ပါက လျော့ ချခံရသည့် ဝန်ထမ်းများအား ပုံမှန်လည်ပတ်နိုင်ပါက ပြန်လည်နေရာပေးပါမည်ဟု သဘောတူညီမှု ပြုသင့် ကြောင်း ဒေါ်မိုးစန္ဒာမြင့်ကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံ ၂၅ ရာခိုင်နှုန်းကျော်ရပ်ဆိုင်းသွားခဲ့ပြီး အလုပ် သမား ၇၀၀,၀၀၀ ကျော်အားအလုပ်ပေးထားသည့် စက်ရုံ ၇၀၀ ရှိခဲ့ရာမှ စက်ရုံ ၄၈၅ ရုံ၊ လုပ်သား ၄၃၅,၀၀၀ သာကျန်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း လျှပ်စစ်မီးပုံမှန်မရှိရခြင်း၊ စက်သုံးဆီစျေးနှုန်းကြီးမြင့်လာခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ့မှု လျော့နည်း လာခြင်းတို့ကြောင့် စက်ရုံအလုပ်ရုံများမှာ လည်ပတ်နိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း လုပ် ငန်းရှင်များက ပြောသည်။

အကျိုးဆက်အဖြစ် နိုင်ငံတွင်း အလုပ်လက်မဲ့ဦးရေမှာ ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာနှုန်းသို့ ရောက်ရှိ နေပြီဖြစ် ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၏အလုပ်လက်မဲ့နှုန်းမှာ ၀ ဒဿမ ၁၇ ရာနှုန်းသာရှိပြီ ၃ ဒဿမ ၅၂ ရာနှုန်းတိုးလာခြင်း ဖြစ်သည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...