ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာ ထုတ်

ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာ ထုတ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ တိုးချဲ့ပြင်ဆင်ခြင်းများ ကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ပါက တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုတို့တွင် ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံ ဆောက် လုပ်မှု/တိုးချဲ့ပြင်ဆင်မှုများ မရှိစေရေး စစ်ဆေး ကြီးကြပ်ဆောင်ရွက်ရန် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး(ယာယီ) ဦးဆန်းလင်းဦး၏ လက်မှတ်ဖြင့် သတိပေးစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

“စစ်ဆေးတွေ့ရှိပါက အချိန်နဲ့တပြေးညီ တင်ပြနိုင်ဖို့အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာရေး တွေဆီ ညွှန်ကြားဆောင်ရွက်ထားတယ်” ဟု အသိပေးစာတွင် ပါရှိသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း ဘာသာရေး အဆောက်အအုံများ ခွင့်ပြုချက်မရယူဘဲ ဆောက်လုပ်မှု ရှိ၊ မရှိကို သက်ဆိုင်ရာဌာနများမှ စစ်ဆေးလျက်ရှိနေသည်။

ဘာသာရေး အဆောက်အအုံများကို ခွင့်ပြုချက်ဖြင့်သာ ဆောက်လုပ်ရမည်ဟု ပြောဆိုချက်အပေါ် ပလက်ဝ ဒေသခံများကြား ဝေဖန်မှုများရှိသလို အမြင်မတူမှုများလည်း ရှိနေသည်။

ပလက်ဝမြို့မှ ဗုဒ္ဓဘာသာဝင် ဆရာတော်တစ်ပါးက “ဘယ်ဘာသာရေး အဆောက်အအုံပဲဖြစ်ဖြစ် တကယ့်ဘာ သာရေး အဆောက်အအုံဆိုရင်တော့ ကိစ္စမရှိဘူး။ အခုခေတ်မှာက ဘာသာရေး အဆောက်အအုံကို အကြောင်း ပြပြီး မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီးဖြစ်ကြတာ ရှိတယ်လေ။ အဲဒါကြောင့် အခုလို စည်းကမ်းတစ်ခု ထားလိုက်တာက ကောင်းတယ်” ဟု မိန့်ကြားသည်။

ယခင်က ဘာသာရေး အဆောက်အအုံတစ်ခု ဆောက်လုပ်မည် ဆိုပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောက်လုပ်ခဲ့ရာမှ လက်ရှိတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်သာ ဆောက် လုပ်ရမည့်ကိစ္စမှာ မဖြစ်သင့်ကြောင်း ပလက်ဝဒေသခံအချို့က ပြောဆိုကြသည်။

ပလက်ဝမြို့နယ်၊ ပျဉ်ဝကျေးရွာမှ မအေးစန္ဒာက “အခုက မြို့နယ်အထိ ခွင့်ပြုချက်တွေ ယူရမယ်၊ သူတို့ခွင့်ပြုမှ ဆောက်ရမယ်ဆိုတော့ ရှေ့ဆက်ပြီး ပြဿနာတွေဖြစ်လာမယ်။ အာဏာပိုင်တွေကလည်း ခွင့်ပြုချက် ယူခိုင်း မယ်။ ဘာသာရေးဆောက်မယ့်သူတွေကလည်း ဒါလုပ်တာပဲ ခွင့်ပြုချက်မလိုဘူးဆိုတာတွေ ဖြစ်လာမယ်” ဟု ပြောသည်။

ဘာသာရေးအဆောက်အအုံများကို ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ရမည့် ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်မှ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Chinland Defense Force-Paletwa (CDF-Paletwa) တပ်ဖွဲ့မှ တိုင်းပြည် အတွင်း ဘာသာရေး လွတ်လပ်ခွင့် မရှိတော့ကြောင်း ကန့်ကွက်စာများ ရေးသားထားသည်ကို လူမှုကွန်ရက် စာမျက်နှာတွင် တွေ့ရသည်။

ထိုသို့ ပြောဆိုချက်များနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး(ယာယီ) ဦးဆန်းလင်းဦး၏ တုန့်ပြန် ချက်ကိုရရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပလက်ဝမြို့မှ ကုန်စုံဆိုင်ရောင်းသည့် အမျိုးသားတစ်ဦးကလည်း “အရင်တုန်းကထက် တင်းကျပ်လာတာလို့ မြင်တယ်။ မလွတ်လပ်တော့ဘူး။ တစ်ခုလုပ်မယ်ဆိုရင် သူတို့ခွင့်ပြုချက်ယူမှ လုပ်ရမယ်။ ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင်လည်း သူတို့ကို ခွင့်ပြုချက်တင်ရတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေး တပ်တို့ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားလျက်ရှိနေသည်။ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ပလက်ဝမြို့နယ် တွင် အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်။

July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...
July 8, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသတွင် ယခုနှစ် မိုးရာသီကာလ...
July 8, 2026
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ၂၇၀ ကီလိုမီတာအထိ ရှည်လျားသည့် နယ်စပ်ဧရိယာတွင် လုံခြုံရေး...