တိုက်ပွဲများကြောင့် ပင်လယ်အနီးရှိ ဒေသခံများငါးဖမ်းလှေမထွက်နိုင်၍ ဝမ်းရေးခက်ခဲလာ

တိုက်ပွဲများကြောင့် ပင်လယ်အနီးရှိ ဒေသခံများငါးဖမ်းလှေမထွက်နိုင်၍ ဝမ်းရေးခက်ခဲလာ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်သော ကျေးရွာများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲများကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ ရွာသားများအနေဖြင့် ဝမ်းရေးခက်ခဲလာကြသည် ဟု ပြောသည်။

ပုလောမြို့နယ်အတွင်းရှိ တို‌ကျေးရွာအုပ်စု၊ လက္ကူးကျေးရွာအုပ်စုနှင့် ကျောက္ကာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များသည် ပင်လယ်ငါးဖမ်းလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိက လုပ်ကိုင်နေကြပြီး ယခု စက် တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ၎င်းကျေးရွာများ အတွင်းသို့ ရေလမ်းကြောင်း ဖြင့် စစ်အင်အားဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲမှုကြောင့် ဒေသခံရွာသားများအနေဖြင့် ယနေ့အချိန်ထိ ငါးဖမ်းလှေမထွက်ရဲကြကြောင်း လက္ကူးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ရွာထဲကို အခုချိန်ထိ မပြန်ရဲသေးဘူး။ စစ်သားတွေ အခုထိရှိနေတုန်းပဲ။ လှေလည်း မထွက်ရတာ ဆယ် ရက်ကျော်ပြီ။ အဲ့တော့ ငါးမရောင်းရတော့ တစ်ခုခုဝယ်စားဖို့ပိုက်ဆံ မရှိဘူး။ ပြီးတော့ စစ်သင်္ဘောတွေကလည်း အချိန်ပြည့်ရှိနေတော့ လှေထွက်တာနဲ့ သူတို့ကရမ်းပစ်တာတွေ လုပ်တော့ စားသောက်ဖို့အတွက် ခက်ခဲလာ တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယခုလ ၉ ရက်‌နေ့မှ စတင်ကာ ပုလောမြို့နယ်ထဲရှိ ပလမြို့နှင့် ပုလော မြို့ ချောင်းဝနေရာများတွင် ကမ်းကပ်ထားသည့် စက်လှေများကို ၇ ရက် ပင်လယ်ထွက် ငါးမဖမ်းရန် နှုတ်မိန့်ဖြင့် ဒေသခံများအား ပြောဆို သတိပေးထားကြောင်းလည်း ဒေသခံများက ပြောသည်။

အလားတူ လက္ကူးကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကုန်းလမ်းကြောင်းမှတဆင့် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားသလို ရေကြောင်းမှလည်း ခန့်မှန်းအင်အား ၂၀၀ နီးပါးအထိ အင် အားဖြည့်တင်းမှုများလုပ်ဆောင်လျက်ရှိကြောင်း မြိတ်ခရိုင်၊ တပ်ရင်း(၁)မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခု ကဲ့သို့ ပြောသည်။

“တိုက်ပွဲအတွင်းမှာတော့ နှစ်ဖက်ထိခိုက်မှုတွေ ရှိတယ်။ ပျောက်ဆုံး ရဲဘော်တွေလည်း ရှိနေတုန်းပဲ။ စစ်တပ်က ကုန်းလမ်းကသွားရင် ၃ ခါမှာ ၁ ခါလောက်ကတော့ အပစ်ခံနေရတယ်။ ကုန်းလမ်းအစား အခု နောက်ပိုင်း စစ်ကြောင်းထိုး စစ်အင်အားဖြည့်တဲ့နေရာတွေမှာ ရေလမ်းကိုပိုပြီးတော့ အသုံးပြု လာကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ရေကြောင်းကို အဓိက အသုံးပြုလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိထား သော စစ်ကောင်စီတပ်သား ၃၀ ကျော်ကို လှေများဖြင့်တင်ဆောင်ကာ ဆိပ်ကမ်းမှ တစ်ဆင့် စစ်တပ်ကားများ ဖြင့် မြိတ်မြို့ရှိ စစ်တပ်ဆေးရုံသို့ သယ်ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာ များ၏ ရေးသားဖော်ပြချက်များအရ သိရသည်။

ဓါတ်ပုံ - Crd

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...