မိုးညှင်းခရိုင် ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်အင်အား လုံလောက်မှု မရှိ

မိုးညှင်းခရိုင် ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်အင်အား လုံလောက်မှု မရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရှိ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် အရေအတွက်ဟာ ဆေးရုံအုပ် အပါအဝင် သုံးဦးသာ ရှိနေပြီး မြို့ပေါ်လူဦးရေနဲ့ လုံလောက်မှု မရှိတာမျိုး ကြုံ တွေ့နေရတယ်လို့ မိုးညှင်း မြို့မိမြို့ဖတွေက ပြောပါတယ်။

လက်ရှိ ဆရာဝန် အရေအတွက်အနေနဲ့ ဆေးရုံအုပ်ကြီးတစ်ဦး၊ ခွဲစိတ်ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ကျန်းမာရေးမှူးတို့သာ ရှိတယ်လို့ ဆိုပါတယ်။

“ဆေးရုံကို အဆင့်မြင့်ဆိုတာကလည်း ဆရာဝန်တွေမရှိဘူး ဆရာဝန်က နှစ်ယောက်ပဲရှိတာလေ။ ခွဲစိတ်ဆရာဝန် နဲ့ ဆေးရုံအုပ်နဲ့ နောက်တစ်ယောက်လားပါ့ ဒါပဲ ရှိတာပါ့လေ ကြည့်ရတာ။ လုံးဝမရှိသလောက် ဖြစ်နေတာ။ ကျန်းမာရေးကဏ္ဍက တအား အားနည်းသလို ဖြစ်နေတယ်။ လုံးဝကို မရှိသလောက်ဖြစ်နေတာ။  မြစ်ကြီးနား မပြေးရင် မန္တလေးပဲပြေးရတာ။ မလည်ပတ်တဲ့သဘောပါ့” လို့ မြို့မိမြို့ဖတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ဆေးရုံအတွင်း ဆရာဝန်တွေ မလုံလောက်မှုကြောင့် ခွဲစိတ်မှုတွေအတွက် မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ ဆေးရုံများတွင် သွားရောက် ကုသနေရသလို ပြီးခဲ့တဲ့လတွေကလည်း ကလေးမွေးဖွားနိုင်ရေးအတွက်လည်း တခြားဒေသ၊ တခြားမြို့က ဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ သွားရောက်မွေးဖွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဆရာဝန်အင်အား မရှိတာကြောင့် အပြင်ကနေ ဆရာဝန်နှစ်ဦး ငှားရမ်းထားရပြီး လည်ပတ်နေတာလို့  မကြာခင် က ဆေးရုံတက်ခဲ့သူတစ်ဦးက ပြောပြပါတယ်။

“အခုက အပြင်က ဆရာဝန် နှစ်ယောက်ငှားထားတာ။ မေ့ဆေးဆရာဝန်နဲ့ နောက်တစ်ယောက်၊ သူနာပြုတွေက တော့ ၂၀ ယောက်လောက်ရှိတယ်၊ အဆင်ပြေတာတော့ ဘယ်ပြေမလဲ” လို့ သူက ပြောပါတယ်။

မိုးညှင်းခရိုင် ဆေးရုံကို ကုတင် ၂၀၀ ဆံ့တဲ့ဆေးရုံအဖြစ် အဆင့်မြင့်တင်ပေးဖို့ မြို့မိမြို့ဖတွေက ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူတို့ကို စက်တင်ဘာလ ၁၄ ရက်နေ့ တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး လက်ရှိ ဆေးရုံလည်ပတ်နိုင်ရေးအတွက် တင်ပြပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။

မိုးညှင်းမြို့နယ်မှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ဆရာဝန် အင်အား ၂၅ ဦးနဲ့ သူနာပြု အင်အား ၁၀၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာ သုံးပုံတစ်ပုံခန့်တောင် မရှိတော့ဘူးလို့ ဆိုပါတယ်။

April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...