ဆွေးနွေးညှိနှိုင်းမှုများနှင့် ပတ်သက်၍ ယင်းစက်ရုံရှိ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကြည်စိုးက “ကျနော်တို့ အခု ဆွေးနွေးတဲ့အချက် (၇)ချက်ထဲမှာ ၆ချက်ကတော့ ပြေလည်မှုရသွားပြီ လက်ရှိ လုပ်အားခထက် ဘတ်(၂၀) ထပ်တိုးပေးဖို့က တော့ ညှိမရသေးဘူး။ အဲဒီတစ်ချက်ကို တချို့အလုပ်သမားတွေနဲ့ ပြန်ညှိရအုံးမယ်။ ညှိလို့မရရင်တော့ ရှေ့ဆက်တိုးရမှာပဲ”ဟု ကေအိုင်စီ သို့ ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်အားခကို လတစ်လ၏ (၁၀)ရက်နေ့တွင် ပုံမှန်ပေးချေရန်၊ အချိန်ပိုကို ည(၁၀) နာရီထက် ပိုမခေါ်ရန်၊ အလုပ်သမားကဒ်(ပန်းရောင်ကဒ်)မူရင်းကို စက်ရုံမှထုတ်ပေးရန်၊ လက်ရှိလုပ်အားခထက် ဘတ်(၂၀)ထပ် တိုးပေးရန်၊ အလုပ်သမားများကို ခြိမ်းခြောက်လက်မှတ်ထိုး ခိုင်းစေခြင်း မပြုလုပ်ရန်၊ ထမင်းစားချိန် အပြည့်အဝပေးရန်နှင့် လုပ် ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုများကို အလုပ်ရှင်မှ တာဝန်ယူပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည််။
၎င်းအပြင် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း-FED၊ ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့-ALC ၊ ရောင်ခြည် ဦး အလုပ်သမားအဖွဲ့-YCOWA တို့မှ ယင်းစက်ရုံရှိ အလုပ်သမားခေါင်းဆောင် ၂၂ဦးကို ဇူလိုင်လ ၆ရက်နေ့တွင် ခေါ်ယူဆွေးနွေးပြီး ဥပဒေဘောင်အတွင်း အခွင့်အရေး အပြည့်အဝရရှိရန် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
ALC မှတာဝန်ခံ ကိုအောင်အောင်က “အလုပ်သမားတောင်းဆိုချက်တွေကို သေချာစစ်ဆေးပြီး အကြံဉာဏ်ပေးမယ်။ နောက်ဆုံးတရား စွဲမယ်ဆိုရင်တောင် ကျနော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်။ တကယ်လို့ သူဌေးက တောင်းဆိုချက်တွေကို လက်ခံရင်တောင် နှစ်ဖက် စာချုပ်ချုပ်နိုင်တဲ့အထိ လုပ်ဆောင်ပေးသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် တရားဝင် စက်ရုံအလုပ်ရုံပေါင်း၂၀၀ကျော်နှင့် တရားမဝင် အိမ်တွင်းမှုလုပ်ငန်းအမည်ခံ စက်ရုံအလုပ်ရုံငယ်ပေါင်း (၁၀၀၀)ကျော်ရှိပြီး ထိုင်းဥပဒေအရ နေ့စားခ (၃၀၀)ဘတ်နှင့် အချိန်ပို တစ်နာရီလျှင် ၅၆ဘတ်ရသော စက်ရုံမှာ မဲဆောက်တွင် ၄ခုမျှသာ ရှိနေသေးကြောင်း မြန်မာပြည်သားများ ပူးတွဲလှုပ်ရှားရေးကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောသည်။
ဂါမန်း (ခေါ်) အေဝမ်း အထည်ချုပ်စက်ရုံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ ထက်ဝက်ကျော်ခန့်ရှိပြီး နေ့စဉ် အမြင့်ဆုံးလုပ်အားခမှာ ဘတ် (၁၈၀)ခန့်သာရရှိခဲ့သည်။ ၎င်းစက်ရုံကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်မှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး စက်ရုံ စတင်လည်ပတ်သည့် နှစ်မှာပင် အလုပ်သမားများအပေါ် ဖိနှိပ်မှုများ ကြောင့် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။







