စယ်လန့် တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း၊ နေအိမ် စုစုပေါင်း ၁၀ လုံးပျက်စီး

စယ်လန့် တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း၊ နေအိမ် စုစုပေါင်း ၁၀ လုံးပျက်စီး

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း၊ နေအိမ် စုစုပေါင်း ၁၀ လုံး ပျက်စီးခဲ့သည်။

စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် နေအိမ်  ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စယ်လန့်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“တိုက်ပွဲကြောင့် နေအိမ်တစ်လုံး မီးလောင် ပြာကျသွားတယ်။ လယ်ထွန်စက်၊ ကား၊ ထော်လာဂျီ၊ သုံးဘီးတွေ ကော မီးထဲပါသွားတယ်။ စုစုပေါင်း ကျပ်သိန်း ၃၀၀ လောက် တန်ဖိုးရှိတယ်။ ပြီးတော့ လွိုင်တေးမိန်းဘက်က ကျောင်းတွေကောပါတယ်။ အဲ့ဒီ နေရာတွေက စာသင်တဲ့နေရာတွေ“ ဟု ၎င်း အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့မှစပြီး စစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ပထမပတ်အထိ နှစ်ဖက်ကြား စစ်ရေးတင်းမာခဲ့ကြသည်။

အဆိုပါ တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် နေအိမ်များကို မည် သည့် လက်နက်ကိုင်တပ်ဖွဲ့များမှ တာဝန်ယူပြီး ဖြေရှင်းပေးခြင်း မရှိဘူးဟု ဒေသခံများက ပြောသည်။

အလားတူ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် စယ်လန့် (အထက) စာသင်ကျောင်း သည်လည်း လက်ရှိတွင် ပြန်လည် ဖွင့်လှစ်၍ မရသေးသလို မပေါက်ကွဲသေးသည့် လက်နက်ကြီးများလည်း တွေ့ရှိနေကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

“စယ်လန့်က ကလေးတွေတော့ အခုထိ ကျောင်းမှာ ပြန်တက်လို့ မရသေးဘူး။ ဘုန်းကြီးကျောင်းက ဇရပ်မှာ ရွှေ့ ပြီးစာသင်ရတယ်။ ဘာလို့လဲဆို အခုထိ ကျောင်းမှာက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း တွေ့သေး တယ်။ တိုက်ပွဲဖြစ်တုန်းက စစ်ကောင်စီ နဲ့ မြို့မပြည်သူ့စစ်တွေက လာနေတာ။ လက်နက်ကြီးကြောင့် အခု ကျောင်းဆောင်က တော်တော်လေး ပျက်စီးနေတယ် “ ဟု စယ်လန့်ဒေသခံ တစ်ဦးက ဆက်ပြောသည်။

လက်ရှိမှာ ပျက်စီးသွားသည့် အဆောက်အအုံများကို တိုက်ပွဲအတွင်း စစ်ကောင်စီတပ် နှင့် TNLA တပ်တို့ အနေ ဖြင့် တာဝန်ယူပြီး နစ်နာသူများထံ လျော်ကြေးပြန်ပေးစေလိုကြောင်း စယ်လန့်ပြည်သူများက တောင်းဆိုနေကြ သည်။

Photo - Credit ( တိုက်ပွဲတွင်း ထိခိုက်ပျက်စီးဆုံးရှုံးသွားသော ပစ္စည်းများ)

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...