ဖယ်ခုံမြို့နယ်၏ ဝေးလံခေါင်ဖျားသည့် စစ်ရှောင်စခန်းတစ်နေရာတွင် စားနပ်ရိက္ခာ လိုအပ်နေ

ဖယ်ခုံမြို့နယ်၏ ဝေးလံခေါင်ဖျားသည့် စစ်ရှောင်စခန်းတစ်နေရာတွင် စားနပ်ရိက္ခာ လိုအပ်နေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ဝေးလံခေါင်ဖျားသည့် စစ်ရှောင်စခန်း တစ်နေရာတွင် အလှူ ရှင် လာရောက်မှု နည်းပါးသည့်အတွက် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု မြေပြင်စစ်ရှောင်အရေး ဆောင် ရွက်နေသူများက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းမှာ အခြား စစ်ရှောင်စခန်းများထက် လူဦးရေပိုနည်းသလို အလှူရှင်များ၏ ပံ့ပိုးကူညီမှု မှာ လည်း ပိုအားနည်းခြင်းကြောင့် စစ်ရှောင်ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ အားငယ်ထိခိုက်မှုများ ကြုံတွေ့နေရ သည်ဟု စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

“ပြောရမယ် ဆိုရင် လူဦးရေကတော့ နည်းတာပေါ့နော်။ နောက်ပြီးလို့ရှိရင် စိတ်ဓါတ် မြင့်တင်ပိုင်းဆိုင်ရာ က တော့ Camp (စခန်း) တိုင်းလိုလိုတော့ လိုအပ်တာပေါ့နော်။ ဒါပေမဲ့ သူတို့အနေနဲ့ လူနည်းလို့ အလှူရှင်လည်း သိပ် မရောက်လို့ ဆိုတဲ့ဟာမျိုး အားငယ်ပိုင်းမှာတော့ ရှိတယ်ပေါ့နော်။ ပြီးတော့ ဆရာ/ဆရာမတွေ သိပ်မရှိဘူးဆိုတာ သူတို့အတွက် အားငယ်တဲ့အပိုင်းတွေတော့ရှိတယ်” ဟု ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းများမှာ ဝေးလံခေါင်ဖျားသည့် နေရာတွင် ရှိနေသည့်အပြင် မြေပြင် စစ်ရှောင်ကူညီရေး အဖွဲ့များ အနေဖြင့်လည်း လက်လှမ်းမမီခြင်းကြောင့် စားနပ်ရိက္ခာပိုင်းလည်း အခက်အခဲရှိနေကြသည်။

စစ်ရှောင်များကို စိတ်ဓာတ်မြင့်တင်ရေး အပိုင်းတွင် ဆောင်ရွက်ပေးရန် လိုအပ်နေပြီး အလှူရှင်များကို လာ ရောက် ကူညီပေးရန် အဆိုပါ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူက ဆက်ပြောသည်။

“စားနပ်ရိက္ခာ အပိုင်းမှာကလည်း လက်ရှိ အခြေအနေမှာတော့ တတ်နိုင်တဲ့ အပိုင်းမှာတော့ ကျမတို့ ကူပေးတာ တွေ ရှိတယ်။ တခြားအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပေးတာတွေလည်း ရှိတယ်” ဟု ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၁၃၀ ဝန်းကျင်ခန့်၊ အိမ်ခြေ ၄၀ ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုနှင့် ကလေး အများစုဖြစ်သည်ဟု ဆိုသည်။

စစ်ရှောင်များအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စားနပ်ရိက္ခာအပြင် လာမည့် ဆောင်း ရာသီကာလ အတွက် လည်း အနွေးထည်များ လိုအပ်နေခြင်းကြောင့် ကူညီပေးကြဖို့ တောင်းဆိုထားသည်။

အဆိုပါ စစ်ရှောင်စခန်းမှာ သက်တမ်းအားဖြင့် တစ်နှစ်ကျော်ရှိနေပြီ ဖြစ်ပြီး မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်ထဲက မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကျေးရွာများဖက်က ဒေသခံများ ဖြစ်ကြသည်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...