စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်တွင် မသန်စွမ်း အမျိုးသမီး အပါအဝင် ၂ဦး ထိမှန်သေဆုံး

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်တွင် မသန်စွမ်း အမျိုးသမီး အပါအဝင် ၂ဦး ထိမှန်သေဆုံး

ရှမ်း - ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့ အခြေစိုက်သည် စစ်ကောင်စီတပ်ရင်မှ လွိုင်ကော်မြို့နယ်အတွင်းကို တိုက်ပွဲ  ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ မသန်စွမ်းအမျိုးသမီး တစ်ဦး၊ အမျိုးသား တစ်ဦး တို့ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၄ လုံးမှာ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာထဲ ၂ လုံး ကျရောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး ထိမှန်ခဲ့ရာမှာ နှစ်ဦးက ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူ ၂ ဦးအနက် တစ်ဦးမှာ အသက် ၃၈ နှစ်အရွယ် မသန်စွမ်းအမျိုးသမီး တစ်ဦးဖြစ်သည်။

“လက်နက်ကြီးက မိုးဗြဲဖက်ကနေ လှမ်းထုလာတယ်။ ကျနော့်ညီမက သူအိမ်မှာပဲ သူက မသန်စွမ်းပေါ့။ ဘာမှ လည်း မလုပ်နိုင်ဘူး။ နောက်သူ့ကို လာထိသွားတာပေါ့။ သူက မသန်စွမ်းဖြစ်တော့ ဘယ်မှလည်း မသွားနိုင်ဘူး။ ခေါင်းတည့်တည့်မှန်သွားတယ်။ တခါတည်း ပွဲချင်းပြီး သွားတယ်ပေါ့” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စုထဲက ရွာတစ်ရွာထဲ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် အချိန်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အခြား သေဆုံးသူ အမျိုးသားတစ်ဦးက အသက် ၄၇ နှစ် အရွယ်ရှိပြီဖြစ်ပြီး လက်နက်ကြီးထိမှန် သွားသည့် အတွက် ဆေးရုံကို ပို့ဆောင်နေစဉ်မှာပဲ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အစ ပထမတစ်လုံးကျတာက အရှေ့ဘက် လမ်းအနီး တစ်လမ်းမှာ ကျတယ်။ ကျတော့ ဘယ် နားကျလဲဆိုတာ သူမတွေ့လို့ သူလမ်းပေါ်ကနေ ထွက်ပြီးမှ ဖုန်းခေါ်လိုက်တာ။ ဖုန်းခေါ်ရင်းနဲ့ သူ့နားမှာ တလုံး ထပ်ကျလာတယ်။ သူ့ကိုထိသွားတယ်။ ထိတဲ့နေရာနဲ့ သူနေတဲ့နေရာက ပေ ၅၀ တောင် မရှိဘူး” ဟု ပြောသည်။

လူထိခိုက်သေဆုံးမှု အပြင် ဒေသခံနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့သည်။

ထို့အပြင် ဒဏ်ရာရရှိထားသည့် အမျိုးသမီးမှာမူ ဆေးကုသမှုခံယူနေရသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများထဲ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...