သံတွဲ ရေဇင်ရွာအနီး စစ်တပ်က တစ်လတကြိမ် လာရောက် ကင်းပုန်းဝပ်မှုများရှိနေ၍ လူထုက စိုးရိမ်နေကြ

သံတွဲ ရေဇင်ရွာအနီး စစ်တပ်က တစ်လတကြိမ် လာရောက် ကင်းပုန်းဝပ်မှုများရှိနေ၍ လူထုက စိုးရိမ်နေကြ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲမှ ရေဇင်ကျေးရွာတွင် စစ်ကောင်စီတပ်က တစ်လတကြိမ်ခန့် လာရောက်ပြီး ကျေးရွာအနီး ကင်းပုန်းချမှုများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြရသည်။

အဆိုပါကျေးရွာတွင် ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သူများ ရှိသည်ဟု ဆိုကာ ငပလီအခြေစိုက် ခလရ (၅၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်လတကြိမ်လာရောက်ကာ ကင်းပုန်းဝပ် နေရာယူမှုများ ပြုလုပ်နေကြောင်း သံတွဲမြို့နယ်၊ ဒေသခံလူငယ်တစ်ဦးက နိရဉ္စရာသို့ပြောသည်။

“ရေဇင်ရွာကို သူတို့စစ်သားတွေ တစ်လတကြိမ်လောက်စီပုံမှန်လာနေကြတယ်။ အဲဒီလို လုပ်နေတာလည်း အတော်ကြာပါပြီ။ ရွာကိုလာပြီး စစ်သားတွေက ကင်းပုန်းဝပ်တာ ၊ စောင့်တာမျိုးတွေ လုပ်တယ်။ အခုလို လုပ် တော့ စိုးရိမ်စရာဖြစ်ကြရတာပေါ့” ဟု ပြောသည်။

စစ်ကောင်စီ တပ်သားများသည် စစ်ကားတစ်စီးဖြင့်လာရောက်၍ ရေဇင်ကျေးရွာထိပ်တွင် စစ်သား အချို့ချထား ခဲ့ကာ ကင်းပုန်းဝပ် နေရာယူခိုင်းခြင်းဖြစ်ကြောင်း သူကပြောသည်။

ယခု ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကပင် ယင်းသို့စစ်ကောင်စီတပ်က လာရောက်နေခြင်းဖြစ်ပြီး AA နှင့် ဆက်စပ်သူ များရှိသည်ဟုဆိုကာ သံသယဖြင့် လာနေခြင်းဖြစ်နိုင်ကြောင်း အဆိုပါဒေသခံလူငယ်က ပြောသည်။

“သူတို့အဲဒီလို တစ်လတကြိမ်လိုမျိုး လာနေတယ်။ ကင်းပုန်းချထားတယ်ဆိုတာက AA နဲ့ ဆက်စပ်သူတွေ ရှိတယ်ဆိုပြီး သံသယနဲ့လာနေတာဖြစ်နိုင်ပါတယ်။ အလကားနေရင်းတော့ မလာလောက်ဘူးလေ” ဟု ပြော သည်။

အဆိုပါ ရေဇင်ကျေးရွာသည် သံတွဲမြို့နှင့် ၉ မိုင်ခန့်အကွာတွင်တည်ရှိသည်ဟု သိရသည်။

ကျေးရွာသားများမှာ လယ်ယာလုပ်ငန်း၊ ဥယျာဉ်လုပ်ငန်းနှင့် ကွမ်းစိုက်ပျိုးသည့် လုပ်ငန်းများကို အဓိကလုပ်ကိုင် ကြပြီး လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်မှု မရှိကြဟု နောက်ထပ်သံတွဲဒေသခံ လူငယ်တစ်ဦးကပြောသည်။

ငပလီအခြေစိုက် ခလရ (၅၅)တပ်ရင်းသည် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလတွင်လည်း သံတွဲမြို့နယ်ထဲမှ စစ်ကောင်စီ၏ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများကို ဖမ်းဆီးမှုများ ရှိခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ လူသားချင်းစာနာမှုအရ ယာယီနှစ်ဖက် အပစ်ခတ် ရပ်စဲထားသည်မှာ ၉ လခန့်ကြာမြင့်လာပြီ ဖြစ်သည်။

ထိုကာလအတွင်း စစ်ကောင်စီဘက် အပစ်ရပ်ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိ သည့်အပြင် ကုန်းလမ်းရေလမ်း ပိတ်ဆို့ကန့်သတ်မှုများ၊ ကုန်စည်နှင့် ဆေးဝါးသယ်ယူခွင့်ပိတ်ပင်မှုများ၊ AA တပ် စခန်းများကို ဒရုန်းဖြင့် ကင်းထောက်ရှာဖွေမှုအပြင် AA တပ်ဖွဲ့ဝင်များ ရှိသည်ဟုသံသယဖြင့် ကျေးရွာများကို ဝင်ရောက်နေရာယူ တပ်စွဲမှုများကို  အဓိကလုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...