မြေပြိုကျမှုထဲ ပါသွားသည့် ရေမဆေးသမားများ၏ ရုပ်အလောင်းရှာမတွေ့သေး၊ ကယ်ဆယ်ရေးသမားများ ဆက်လက် ရှာဖွေရေး အခက်အခဲကြုံနေရ

မြေပြိုကျမှုထဲ ပါသွားသည့် ရေမဆေးသမားများ၏ ရုပ်အလောင်းရှာမတွေ့သေး၊ ကယ်ဆယ်ရေးသမားများ ဆက်လက် ရှာဖွေရေး အခက်အခဲကြုံနေရ

ကချင်ပြည်နယ်၊ ဖားကန့် မနမှော်ရှိ ကျောက်စိမ်းတောင် လုပ်ကွက်ဟောင်း မြေစာပုံ ပြိုကျမှုထဲ ရေမဆေးသမား ၃၇ ဦးပျောက်ဆုံးခဲ့ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်နေသော်လည်း မြေစာပုံ အောက်ခြေတွင် ရေစိမ့်ထွက်နေခြင်းကြောင့် ဆက်လက်ရှာဖွေရေး အခက်အခဲဖြစ်နေကြသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း ရှာဖွေရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ကြရာ မြေစာပုံ အောက်ခြေ တွင် ရေစိမ့်ထွက်နေခြင်းကြောင့် အခက်အခဲဖြစ်နေသည်ဟု မြန်မာနိုင်ငံကလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) မှ တာဝန်ရှိသူက ပြောသည်။

“ဖြစ်စဉ်ကတော့ မနေ့က ဖြစ်တာပေါ့နော်။ သတင်းရတာနဲ့ကျနော်တို့ ရှာဖွေကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ (ဩဂုတ်လ ၁၄ ရက်) အထိပေါ့။ ဒါပေမယ့် လက်ရှိရှာဖွေကယ်ဆယ်ရေး လုပ်နေချိန်မှာ ပျောက်ဆုံးနေတဲ့ စာရင်း အရ အလောင်းတစ်လောင်းမှ မတွေ့ရသေးဘူး။ မတွေ့ရတဲ့ အခက်ခဲကတော့ မြေစာပုံအောက်ခြေမှာ ရေစိမ့် ပေါက်ထွက်နေရာကနေ ဒီနေ့မနက်ကတည်းက မြေစာက နည်းနည်းချင်းပြိုကျနေတော့ ရှာဖွေ ကယ်ဆယ်ရေး လုပ်တဲ့နေရာမှာ ခက်ခဲနေတယ်။”

အမြင့်ပေ ၅၀၀ ခန့်ရှိ မြေစာပုံဟာ ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် ပြိုကျခဲ့ခြင်း ဖြစ်ပြီး အောက်‌ခြေရှိ ရေကန်အတွင်း ကျရောက်ရာကနေ ရေလှိုင်းများဖြစ်ပေါ်ခဲ့ပြီး အနီးဝန်းကျင်က ရေမဆေး ကျောက်ရှာဖွေ တူးဖော်နေသူများ ရေလှိုင်းနှင့်အတူ မျောပါသွားခဲ့ခြင်းကြောင့် ရေမဆေးသမား အများအပြား ပျောက်ဆုံးနေခြင်းလည်း ဖြစ်သည်။

လက်ရှိ မနမှော်မြေပြိုကျမှု ရှာဖွေကယ်ဆယ်ရေးကို ဖားကန့်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့ ၁၂ ဖွဲ့မှ အဖွဲ့ဝင် ၁၂၀ ဦးခန့်ဖြင့် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေသည်ဟု သိရပြီး လူမှုကူညီရေး အသင်းက စုစည်းထားသည့် စာရင်းအရ ပျောက်ဆုံးနေသည့် ရေမဆေးသမား ၃၇ ဦးရှိပြီး ဒဏ်ရာရရှိထားသူက ၈ ဦး ရှိနေ သည်။

မြန်မာနိုင်ငံလူမှုကယ်ရေးအဖွဲ့ (Rescue)အဖွဲ့က တာဝန်ရှိသူတစ်ဦးက “ပျောက်ဆုံးစာရင်းရရှိထားတာက ၃၇ ဦးပါ၊ ဒဏ်ရာရရှိသူ ၈ ဦး(မစိုးရိမ်ရ)ကိုတော့ ဖားကန့်ဆေးရုံမှာ ပို့ဆောင်ထားပါတယ်“ ဟု ပြောသည်။

မနမှော်တွင် ပွင့်လင်းရာသီ၌ ကျောက်စိမ်း‌တူးဖော်သည့် ကုမ္ပဏီများမှာ နေမင်းကမ္ဘာ၊ အောင်ဟိန်းမင်း၊‌ ကျောက် စိမ်းသစ်ရွက် အစရှိသည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိသည့် ဖားကန့်ကျောက်စိမ်းမြေတွင် နှစ်တိုင်းဆိုသလို မိုးရာသီချိန်၌ မြေစာပုံဟောင်းပြိုကျမှုများကြောင့် လူရာချီသေဆုံးခဲ့ရသည့် ဖြစ်စဉ်များ အများအပြားရှိခဲ့ပြီး အလားတူ ယခု ဩဂုတ်လ လဆန်းပိုင်းတွင်လည်း ဖားကန့်မြို့၊ မှော်စီစာကျေးရွာ အတွင်းရှိ အောင်သာယာမှော် လုပ်ကွက်ထဲ မြေပြိုကျခဲ့ရာမှ အမျိုးသမီးတစ်ဦး ရေနစ်မြုပ်သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...