PDF နှင့် ပတ်သက်သည်ဆိုပြီး သိမ်ဇရပ်ဒေသခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

PDF နှင့် ပတ်သက်သည်ဆိုပြီး သိမ်ဇရပ်ဒေသခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၃) ရပ်ကွက်နေ ကိုစန်းထွန်းဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကိုစန်းထွန်းဦးကို သြဂုတ်လ ၂ ရက်နေ့က ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်  ထောင်ဒဏ် တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၂(က) တို့နှင့် သိမ်ဇရပ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။

သိမ်ဇရပ်မြို့ခံတစ်ဦးက “အဲဒီလူငယ်က ရေဆေးခုံမှာ အလုပ်လုပ်တာ၊ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ပတ်သက် တာ မရှိဘူး၊ ဒါကို ဗုံးပေါက်ပြီး တရားခံ ရှာမရတော့ အမှုဆင်ပြီး လုပ်ကြံဖမ်းဆီးသွားတာ” ဟု ပြောသည်။

ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကိုစန်းထွန်းဦးသည် ရိုက်နှက်နှိပ်စက်ခံထားရသည့်ဒဏ်ရာများဖြင့် သြဂုတ်လ ၆ သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသေးသည်ဟု နီးစပ်သူများက ပြောသည်။

စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တွင် ကိုစန်းထွန်းဦးသည် သိမ်ဇရပ်ရဲစခန်းနှင့် မုပ္ပလင် စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ရေးသားထားသည်။

သိမ်ဇရပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဒေသခံများ ဖမ်ဆီး အမှုဖွင့်ခံရမှု မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...