တိုက်ပွဲကြောင့် အလယ်စခန်းဒေသခံများ ခြံလုပ်ကိုင်ရန် အခက်အခဲကြုံ

တိုက်ပွဲကြောင့် အလယ်စခန်းဒေသခံများ ခြံလုပ်ကိုင်ရန် အခက်အခဲကြုံ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် လော့သိုင်းကျေးရွာအုပ်စု အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်း တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံများ ခြံလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။

အလယ်စခန်းကျေးရွာ အနီးတဝိုက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကြသည်။

လက်ရှိအချိန်အထိ အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်တို့က စခန်းချတပ်စွဲထားပြီး နှစ်ဖက် စစ်ရေးတင်းမားနေသည့် အနေအထားကြောင့် ဒေသခံများ ခြံမသွားရဲကြသည့်အခြေအနေရှိနေသည်။

ခြံမသွားရဲကြသည့်အတွက် ခြံထွက်သီးနှံများ ခူးရန်၊ ခြံလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေရပြီး စားဝတ် နေရေးအတွက်ပါ စိန်ခေါ်မှုဖြစ်လာစေသည်ဟု ဒေသခံခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“ဒီနယ်မြေမှာ အသက်မွေးဝမ်းကျောင်းအတွက်က ခြံပဲရှိတယ်။ ခြံသမားတွေကြီးပဲ ခြံကိုပဲ အဓိကထား လုပ်ကိုင် ကြတယ်။ ခြံမသွားရရင် သစ်သီးတွေ သွားမခူးရရင် စားဝတ်နေရေးအတွက် အခက်အခဲရှိသွားတယ်။ ဒီသစ်သီး တွေ သွားခူးရမှ စားဝတ်နေရေးက အဆင်ပြေတာပေါ့။ အခုသွားလို့ မရဲဘူးဆိုတော့ အခက်ခဲဖြစ်တယ်” ဟု ဆိုသည်။

ဥယျာဥ်ခြံလုပ်ငန်းကို အဓိကစီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်နေကြသည့် ဒေသခံတို့က တိုက်ပွဲကြောင့် အခက် အခဲကြုံတွေ့နေရသည့်ကြား တဘက်ကလည်း မြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် မိသားစု စားဝတ်နေရေး ပိုပြီး ခက်ခဲစေသည်ဟုလည်း ဒေသခံများက ပြောသည်။

ယင်းအခြေအနေကြောင့် ပိုင်ဆိုင်မှုများကို ထုခွဲရောင်းချပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဒေါ်တို့ ခြံနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာ အခုဆို ခြံလည်းသွားလို့မရ။ မိသားစုစာဝတ်နေရေးက လည်း ရှိသေးတယ်ဆိုတော့ သူများဆီက ချေးငှား။ ရှိတာလေးတွေကို ရတဲ့စျေးနဲ့ ရောင်းချရတယ်။ ဆန်က လည်း စျေးကြီး။ စားဖို့သောက်ဖို့က ခြံကနေပဲရတာ ခြံသွားလို့မရဘူးဆိုတော့ ရှိတာလေးနဲ့ပဲစားသောက်ရတယ်” ဟု ပြောသည်။

ပုံမှန်ဆိုလျှင် ဥယျာဉ်ခြံတစ်ခြံကို ခြံအရွယ်အစားပေါ်မူတည်ပြီး တစ်နှစ်လျှင် ဝင်ငွေအနည်းဆုံး သိန်းသုံးဆယ်မှ အ အများဆုံး သိန်းရာကျော်အထိ ရရှိနေကြကြောင်း ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းတွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဥ်များ ရှိခဲ့သည့် အတွက် လက်ရှိတွင် တိုက်ပွဲအပြင်၊ မြေမြုပ်မိုင်းအန္တရာယ်ကိုလည်း ဒေသခံတို့က စိုးရိမ်းနေကြသည်။

ပြီးခဲ့သည့် မေလကုန်ကလည်း ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီ ကျေးရွာ အနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ရေဖြူမြို့နယ်၊ အလယ်စခန်းဒေသသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေဒေသဖြစ်ပြီး စစ် ကောင်စီတပ်များ၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့်အပြင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားနေကြသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...