လွိုင်ကော်မြို့က တောင်သူများ အန္တရာယ်ကြား လယ်ယာ စိုက်ပျိုးလုပ်ကိုင်နေရ

လွိုင်ကော်မြို့က တောင်သူများ အန္တရာယ်ကြား လယ်ယာ စိုက်ပျိုးလုပ်ကိုင်နေရ

ကယား (ကရင်နီ) ပြည်၊ လွိုင်ကော်မြို့နေ တောင်သူအချို့သည် စစ်ကောင်စီတပ်များ၏ အချိန်မရွေး အန္တရာယ် ပေးနိုင်မှုနှင့် တင်းကြပ်ထားသည် အစစ်အဆေးများကြားက လယ်ယာလုပ်ငန်းများကို စိုက်ပျိုး လုပ်ကိုင် နေရ သည်ဟု တောင်သူများက ပြောသည်။

လွိုင်ကော်မြို့နေ လယ်စိုက်တောင်သူ တစ်ဦးက ”ကျနော်တို့ တစ်ခါကဆို လယ်ထဲသွားတုန်း စစ်သားတွေနဲ့ တိုးတယ်။ စိုက်ချင်ရင် ထောက်ခံစာ ယူခဲ့ ဆိုလို့ ကျနော်တို့ ထောက်ခံစာ သွားလုပ်ရတယ်“ ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် ဒီးမော့ဆို မြို့နယ်ကို သွားသည့် လမ်းမကြီး ဘေးတစ် လျှောက်တွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေခြင်း၊ မြေမြုပ်မိုင်းများ ထောင်ထားခြင်းများ လုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့နေ တောင်သူများက ယခုနှစ် စိုက်ပျိုးရာသီတွင် လယ်ယာစပါးကို စိုက်ပျိုးနေကြသော်လည်း အကန့်အသတ်များနှင့်သာ စိုက်ပျိုးနေရခြင်း ဖြစ်သည်ဟု လယ်စိုက်တောင်သူများက ပြောသည်။

“လယ်ကွင်းထဲ ကျနေတဲ့ လက်နက်ကြီးကျည်တွေကိုတော့ လာရှင်းပေးတယ်။ တချို့နေရာတွေတော့ ပေး မစိုက် ဘူး။ မိုင်းတွေရှိတယ်လို့ ပြောတယ်” ဟု တောင်သူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်အတွင်းက မြို့နယ် အများစုတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တောင်သူ လယ်သမားအများစုကလည်း စိုက်ပျိုးလုပ်ကိုင်ခွင့်မရပဲ အခက် ကြုံနေရသည်။

”တစ်ခါကဆို ဒီးမော့ဆိုဖက် လေယာဥ်နဲ့ ကြဲချနေတာ မြင်နေရတယ်။ ကြောက်ပေမဲ့လည်း မတတ်နိုင်ဘူးလေ စိုက်ရတာပဲ။ အခုလိုမှ မလုပ်ရင်လည်း ငတ်တော့မှာ” ဟု အခြား တောင်သူတစ်ဦးက ဆက်ပြောသည်။

ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ ကန့်သတ်မှုများကြောင့် ကရင်နီ တောင်သူများ အတွက် စိုက်ပျိုးရေးပိုင်း အခက်တွေ့နေရသည့်အပြင် တဖက်တွင်လည်း ဓါတ်မြေသြဇာ စျေးနှုန်း ကြီးမြင့်လာ ခြင်း၊ တောင်ယာ/လယ်ယာ စိုက်ခင်းအတွက် ရေရရှိမှုနည်းခြင်း၊ လယ်ယာများကို ပေါင်းမရှင်းနိုင်ခြင်းတို့ ကြောင့် သီးနှံ အထွက်နည်းကာ ကျဆင်းကုန်သည်ဟု တောင်သူများက ပြောသည်။

လယ်ယာမစိုက်ပျိုးနိုင်ပါက လာမည့်နှစ်များတွင် ရိက္ခာအခက်အခဲ၊ ဆန်အခက်အခဲ ပိုများလာနိုင်သည့်အတွက် အန္တရာယ်ကြားက မဖြစ်မနေ ယခုကဲ့သို့ ရနိုင်သလောက်ကို ပြန်လည် စိုက်ပျိုးနေကြရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည် လပိုင်းတွင်လည်း လွိုင်ကော်က အမျိုးသမီးတစ်ဦးသည် တောင်ယာသွားရင်း မိုင်းနင်းမိကာ ခြေထောက် တစ်ဖက်ဆုံးရှုံးခဲ့ရသောကြောင့် တောင်သူလယ်သမားများက မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း စိုးရိမ်နေကြသည်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...