ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ တကွ နေထိုင်ကြသည့် ဒေသတစ်ခုတွင် လက်ရှိ၌ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂,၀၀၀ ပေးဝယ်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
အဆိုပါ ဒေသသည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ ကုန်စည်များကို တင်သွင်းနေရခြင်းဖြစ်ပြီး ကုန်စည် စီးဆင်းရာ လမ်းကြောင်း အခက်အခဲများကြောင့် ကုန်ဈေးနှုန်းများ ထိုးတက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
အချို့ အရောင်းဆိုင်များတွင်မူ ကြက်ဥတစ်လုံးလျှင် ၂,၅၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်း ကုန်စုံဆိုင်ဖွင့်လှစ် ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“သယ်ယူစရိတ်က အစ်မတို့က ဘယ်နှဖြတ်တောင် သယ်ရလဲဆိုတော့ ပဆေးလာကနေ ဥပမာ ကြက်သွန်နီ တစ်အိတ်ကို ၆ သောင်းခွဲဆိုလို့ရှိရင် ဖူးကရားခူဆိုတဲ့ ရွာမှာချတယ်။ အဲဒီကို အစ်မတို့က လူနဲ့ထမ်းရင် လူတစ် ယောက်ကို ၆ သောင်းပေးရတယ်။ ထမင်းကျွေးတယ်။ ဖျော်ရည်တိုက်တယ်။ အဲဒီကနေ သူတို့ထမ်းနိုင်တာ ဆိုရင် ကြက်သွန်နီတစ်အိတ်လောက်ပဲလေ။ ဒါဆိုရင် ကြက်သွန်နီတန်ဖိုးက ၇ သောင်းဆိုရင် ထမ်းခ ၆ သောင်း နဲ့ပေါင်းလိုက်တော့ အဲမှာ တစ်သိန်းကျော်သွားရော။ အဲဒါနဲ့ စျေးကြီးရော။ အဲဒါတစ်ဖြတ်ပဲရှိသေးတယ်။ အဲဒီကနေပြီးတော့ လမ်းကောင်းတဲ့အထိ ဆိုင်ကယ်နဲ့ တစ်ခေါက်ပြန်တင်လို့ရှိရင် အစ်မတို့အခုနေတဲ့ နေရာကို ရောက်လို့ရှိရင် ကြက်သွန်နီ တစ်ပိဿာက တစ်သောင်းခွဲ ဖြစ်သွားရော။ ကြက်ဥလည်း အဲ့လိုပဲ။ အဲ့ဒါကြောင့် ၂၀၀၀ ဖြစ်သွားတာ။”
၎င်းဒေသတွင် ကုန်ဈေးနှုန်းအားလုံးသည် ပစ္စည်းများ စတင်ဝယ်ယူရသည့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းထက် ၃ ဆခန့် ဈေးနှုန်းမြင့်တက်နေခြင်း ဖြစ်သည်။ ဒီးမော့ဆိုမြို့နယ် အတွင်း၌မူ ကြက်ဥတစ်လုံးလျှင် ၈၀၀ ကျပ်သာ ပေးဝယ်ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
သို့သော်လည်း ဒီးမော့ဆိုမှ သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် ဖရူဆိုအနောက်ခြမ်းတွင် ကြက်သွန်နီ ၁ ပိဿာလျှင် ၁၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာလျှင် ၃၀,၀၀၀ ကျပ်၊ ဆားတစ် အိတ်လျှင် ၉၅,၀၀၀ ကျပ်၊ အာလူး ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၂၈၀,၀၀၀ ကျပ်နှင့် ဓာတ်ဆီ ၁ လီတာလျှင် ၁၈,၀၀၀ ကျပ် အသီးသီး ဈေးရှိနေပြီး ကုန်စိမ်းများမှာမူ လုံးဝမရောက်ရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးက “စျေးကြီးတော့လေ အရောင်းတော့ပါးတယ်။ ဒါပေမဲ့ အစ်မတို့ဘက်မှာ ကြက်ဥ ကို မတွေ့တာ ၂ လလောက်ရှိပြီဆိုတော့ တစ်လုံး ၂၀၀၀ ဆိုလည်း ကလေးတွေကို စားစေချင်တဲ့စိတ်နဲ့ဆိုတော့ ဝယ်ကြတာပဲလေ အမေတွေကတော့” ဟု ဆက်ပြောသည်။
အဆိုပါ ဒေသတွင် ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများအပါအဝင် လူဦးရေ ၃၀၀ ဝန်းကျင် နေထိုင်ကြပြီး ဟင်းသီးဟင်းရွက်အတွက် ရာသီပေါ် ဖရုံရွက်များကိုသာ ကိုယ်တိုင်စိုက်ပျိုး စားသောက်နေကြရသည်။
လက်ရှိ မိုးကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် သယ်ယူစရိတ် ကြီးမြင့်မှုများကြောင့် ကရင်နီပြည် အတွင်းရှိ နေရာဒေသအသီးသီးတွင် စက်သုံးဆီဈေးနှင့် ကုန်ဈေးနှုန်း မြင့်တက်သည့် ဒုက္ခများကို အပြိုင်အဆိုင် ကြုံတွေ့နေကြရသည်။







