လွှတ်တော်ကိုယ်စားလှယ်ကို ထောင် ၁၂ နှစ် ထပ်ချ

လွှတ်တော်ကိုယ်စားလှယ်ကို ထောင် ၁၂ နှစ် ထပ်ချ

နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို စစ်ကောင်စီ၏ မြောင်းမြမြို့နယ် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ဦးဝေလင်းအောင်အား  ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က ဖြင့် ၂ နှစ်၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၀-ည ဖြင့် ၁၀ နှစ်၊ စုစုပေါင်း ၁၂ နှစ်ကို ထပ်တိုးချခဲ့ ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက “ပြီးခဲ့တဲ့နှစ်က နိုင်ငံတော်ပုန်ကန်မှုရယ် အကြမ်းဖက်ပုဒ်မ‌တွေရယ် တပ်ပြီး ထောင်နှစ်ရှည် ၂၆ နှစ်ချပြီးသားလေ။ အခုထပ်တိုးနဲ့ဆို ၃၈ နှစ်ရှိပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် မြဝတီခရိုင် တရားရုံးက ဦးဝေလင်းအောင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ များဖြစ်သည့်  ၅၂-က ဖြင့် ၄ နှစ်၊ ၅၀-ကဖြင့် ၁၁ နှစ်၊ ၅၀-ညဖြင့် ၁၁ နှစ်၊ ရာဇသတ် ကြီး ဥပဒေပုဒ်မဖြစ်သည့် နိုင်ငံတော်အား သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ၁၁ နှစ် စုစုပေါင်း ထောင် ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။

ထပ်တိုးထောင်ဒဏ်များကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်နှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင်  ထောင်ဒဏ် ၁၀ နှစ်တို့ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု မြောင်းမြ အကျဉ်းထောင်ဝန်ထမ်း အချို့က ပြောသည်။

ဦးဝေလင်းအောင်၏ ဧပြီလနှင့် ဇူလိုင်လအတွင်း ပြစ်ဒဏ် ထပ်တိုးချခံရမှုများနှင့် ပတ်သက်၍ သတင်းအချက် အလက် ထိန်ချန်ထားမှုများကြောင့် ဇူလိုင်လကုန်ပိုင်းမှသာ သိရခြင်း ဖြစ်သည်ဟု အဆိုပါ အကျဉ်းထောင်နှင့် နီးစပ်သူက ဆိုသည်။

အသက် ၅၀ ကျော်ခန့် မြောင်းမြမြို့ခံ အမျိုးသားတစ်ဦးက “မြောင်းမြက ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ် အသစ်ရောအဟောင်းရောက ခံဝန်ထိုး ထောက်ပံ့ကြေးလေးထုတ်ပြီး ငြိမ်နေကြတာ သူကပဲ စစ်ကောင်စီကို အာခံနေတာဆိုတော့ ပိုပြီးဖိနှိပ်တာပေါ့” ဟု ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေရှိ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီလက်‌အောက်ခံ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာမှ ဖမ်းဆီးခံခဲ့ ရခြင်း ဖြစ်သည်။

ဘားအံထောင်တွင် ထိန်းသိမ်းခံထားရသော ဦးဝေလင်းအောင်အား မြောင်းမြမြို့တွင် စွဲဆိုထားသော အခြားအမှု များကို စစ်ဆေးရန်အတွက်ဆိုပြီး ၂၀၂၃ ခုနှစ်၊ မတ် ၂၁ ရက်နေ့က မြောင်းမြထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို စစ်ကောင်စီလက် အောက်ခံတပ်ဖွဲ့ဝင်များက ပုဒ်မများတပ်၍ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီးလိုသူ၊ ဖမ်းဆီးရမည့်သူကို မတွေ့ပါက မိသားစုဝင်များ ကိုဖမ်းဆီးခြင်း၊ နေအိမ်ကို ချိပ်ပိတ်ခြင်း များ ပြုလုပ်နေသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...