တော်လှန်ရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေး ဆောင်ရွက်နေဟုဆို

တော်လှန်ရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေး ဆောင်ရွက်နေဟုဆို

နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ နေရာကဏ္ဍအလိုက် ပိုမိုပါဝင်လာနိုင်ရေး ကြိုးစားဆောင်ရွက်နေသည် ဟု တော်လှန်ရေးအင်အားစုခေါင်းဆောင် အချို့က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင် ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်ဆန်နီက မိမိတို့ ABSDF တွင် လည်း အမျိုးသမီးပါဝင်မှု ပိုမိုများပြားလာသလို၊ အခြားသော‌ တော်လှန်ရေး အင်အားစုများတွင်လည်း အမျိုးသမီးပါဝင်မှု များလာကြောင်း ၎င်းက ပြောသည်။

“တော်လှန်ရေး အခန်းကဏ္ဍမှာ အခန်းကဏ္ဍတော်တော်များများမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနှုန်းက မြင့်လာတဲ့ အပြင် ကျနော်တို့ ဒီနေ့ရှိနေကြတဲ့ အင်အားစုတွေထဲမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပိုပြီးတော့ မြင့်တက် လာရေးအတွက် ကျနော်တို့ အားပေးဆောင်ရွက်လျှက်ရှိကြပါတယ်။ ဒါကတော့ ABSDF အဖွဲ့အစည်း တစ်ခု တည်းမှာတင် မဟုတ်ပါဘူး။ ဒီအဖွဲ့အစည်း အားလုံးပါပဲ၊ နောက်စုစည်းပြီးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ထဲမှာလည်း အမျိုးသမီးပါဝင်မှုကို သေချာစနစ်တကျ ဂရုတစိုက်နဲ့ပဲ ပါဝင်မှု မြှင့်တက်လာအောင် မြှင့်တင်နိုင် ရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျှက် ရှိတယ်ဆိုတာကို ပြောပါရစေ” ဟု ပြောသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဇူလိုင် ၁၅ ရက်နေ့က ကျင်းပခဲ့သည့် ညီလာခံတွင် ဂျဲန်ဒါတန်းတူရေးနှင့် တရားမျှတမှုရရှိရေး၊ နိုင်ငံရေးဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် အဆင့်ဆင့်တွင် အမျိုးသမီးများ ပိုမိုပါဝင် လာစေရေး၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ပြုတ်ကျ‌ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်‌ရေးတို့အတွက် ဦးစားပေး လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တွင်လည်း အမျိုးသမီးများ ပိုမိုပါဝင်လာစေရေး မဟာဗျူဟာရေးဆွဲပြီး ဆောင်ရွက်နေကြောင်း MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

“အခု လောလောဆယ်က ကျနော်တို့ တပ်ထဲမှာ အမျိုးသမီးစစ်သည်တွေရဲ့ ပါဝင်မှု‌တော့ တော်တော်လေးနည်း တယ်။ အထူးသဖြင့် အမျိုးသမီးတွေက ဆေးတပ်ဖွဲ့မှာ ဆေးခန်းမှာ နောက်ပြီးတော့ ဆက်ဆံရေးဌာနမှာ နောက် ပြီးတော့ ဆက်သွယ်ရေးဌာနတို့မှာ အဲဒီလိုမျိုး staff တွေနဲ့ပဲ ပါဝင်တာရှိတယ်။ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲ ဖော်ဆောင်တဲ့ နေရာမှာကြတော့ ပါဝင်တာ မရှိသေးဘူး။ နောက်နောင် တကယ်လို့ ကျနော်တို့ လှုပ်ရှားမှု အင် အား၊ တိုက်ပွဲဖော်ဆောင်မှု အင်အား၊ တပ်ရဲ့အင်အားလည်း ကြီးမားလာတဲ့ အချိန်ကြရင် အမျိုးသမီးတပ်ပေါ့နော် အဲဒီလိုမျိုးဖြစ်ဖို့တော့ ကျနော်တို့ မဟာဗျူဟာရေးချထားတာတော့ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက မွန်ပြည်နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေ ကြသော ခရီးသွားမော်တော်ယာဉ်များကို ကစယ့်သူးတပ်ရင်း တောင်ညိုစစ်ကြောင်းမှ အမျိုးသမီးရဲဘော်များ တာဝန်ယူ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သေးသည်။

တော်လှန်ရေးတွင် အမျိုးသမီးပါဝင်မှုသည် ယခင်ကတည်းက ရှိခဲ့ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

“တိုက်ခိုက်တဲ့ နေရာမှာ ဘယ်လိုနေရာတွေမှာ ပါဝင်နိုင်သလဲဆိုတော့ သတင်းပို့တဲ့ စက်တွေ ကိုင်တာ၊ တပ် အချင်းချင်းဆက်သွယ်တဲ့ သတင်းပို့တဲ့ စက်တွေ၊ ဆက်သွယ်ရေးမှာ ကိုင်တာ၊ နောက် သူနာပြုတဲ့အလုပ်တွေ၊ ဒဏ်ရာရလာတဲ့ တိုက်ခိုက်ရေး စစ်သည်တွေကို သူနာပြုတဲ့ လုပ်ငန်းတွေ အဲဒီလိုနေရာတွေမှာ သူတို့ပါနိုင်တယ်၊ ဒါကြောင့်မို့လို့ သူတို့က တိုက်ခိုက်ရေးမှာ လုံးဝသူတို့အတွက် နေရာမရှိဘူးဆိုတာမျိုး မဟုတ်ဘူး။ ရှိတယ်၊ ရှိတဲ့ အတွက်ကြောင့်လို့ အခုပါနေတယ်လို့ ကျနော် သိရသလောက်ကတော့ နစက တပ်တွေထဲမှာရော၊ တောထဲက လက်နက်ကိုင် တပ်တွေထဲမှာရော ပါတယ်။ ကျနော်တို့ ဟိုဖက်မှာ ဗကပထဲမှာ နေခဲ့စဉ်တုန်းကလည်း အမျိုး သမီးတွေ ရှေ့တန်းမှာ ပါတာတွေ့ရပါတယ်၊ ဆက်သွယ်ရေး စက်တွေ ကိုင်တာတို့ သူနာပြုလုပ်ငန်းတွေ လုပ်တာ တို့ စသဖြင့် အဲဒီလိုဟာတွေမှာ တာဝန်ထမ်းဆောင်တာတို့ ရှိပါတယ်ဗျ” ဟု ပြောသည်။

လက်ရှိတွင် လက်နက်ကိုင်အဖွဲ့အစည်းများထဲ အမျိုးသမီးစစ်သည် ပါဝင်မှု များပြားလာသော်လည်း ရှေ့တန်း စစ်မြေပြင်တွင် လက်နက်ကိုင်တိုက်ခိုက်မှု၊ ထိပ်ပိုင်းခေါင်းဆောင်နေရာတွင် နေရာရရှိမှု အားနည်းနေသေး ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လလယ်ပိုင်းက ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် အမျိုးသမီးများ ခွဲ ခြားဆက်ဆံခံရမှု ဆယ်စုနှစ်အတွင်း တိုးတက်မှုမရှိသေးကြောင်း ဖော်ပြထားသည်။

ထို့အတူ ကမ္ဘာ့လူဦးရေ၏ ၆၉ ရာခိုင်နှုန်းမှ အမျိုးသားများသည် အမျိုးသမီးများထက် နိုင်ငံရေးခေါင်းဆောင် နေရာတွင် ပိုကောင်းအောင်လုပ်နိုင်သည်ဟု ယုံကြည်ဆဲဖြစ်ပြီး ၂၇ ရာခိုင်နှုန်းကသာ အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေးရှိရန် ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်သည်ကို ယုံကြည်ကြသည်ဟု ဖော်ပြထားသည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...