မိုင်းအန္တရာယ်ကြောင့် တောင်ယာလုပ်ငန်း ရပ်ထားရသည့် မြိုလူမျိုးများ စားဝတ်နေရေးခက်ခဲလာ

မိုင်းအန္တရာယ်ကြောင့် တောင်ယာလုပ်ငန်း ရပ်ထားရသည့် မြိုလူမျိုးများ စားဝတ်နေရေးခက်ခဲလာ

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းက တောင်ပေါ်ဒေသနေ မြိုလူမျိုးများမှာ မိုင်းအန္တရာယ်ကို စိုးရိမ် သောကြောင့် တောင်ယာလုပ်ငန်းကို ရပ်နားထားရသည့်အတွက် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေ ကြရသည်။

တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ဝက်ကျိန်း၊ ဂြစ်ချောင်း၊ ခုံတိုင်၊ လောင်းဒုံ စသည့် မြိုရွာများအနီး တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။

ယင်းအချိန်ကစ၍ မြိုတိုင်းရင်းသားများမှာ တောင်ယာလုပ်ငန်းရပ်နားကာ လယ်ယာနှင့် ကြုံရာကျပန်း အလုပ် များကို ပြောင်းလဲလုပ်ကိုင်နေရသည်။

ဂြစ်ချောင်း (မြို)ကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ကျနော်တို့ မြိုလူမျိုးတွေ တောင်ယာ မလုပ် ရတော့ တော်တော်ဒုက္ခရောက်ပါတယ်။ တောင်ယာလုပ်တဲ့အခါ တောင်ယာကထွက်တဲ့ သီးနှံတွေရှိတော့ သိပ် အခက်အခဲမရှိဘူး။ အခုက ဟင်းသီးဟင်းရွက်ကအစ အကုန်လုံးနီးပါး ဝယ်စားနေရတယ်။ ကျနော်တို့လို မရှိဆင်းရဲသားတွေက ပိုပြီးအခြေနေဆိုးပါတယ်” ဟု ပြောသည်။

အိမ်ခြေ ၆၀ ကျော်၊ လူဦးရေ ၃၀၀ ကျော်ရှိသည့် ဂြစ်ချောင်း(မြို)ကျေးရွာက အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ရွာအနီးလယ်ကွင်းတွင် မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ သည်။

ဂြစ်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက “ကျမတို့က အရင်နှစ်တွေကဆိုရင် တောင်ပေါ်တက်ပြီး မျှစ်သွားခူး ကြတယ်။ တောတောင်တွေကိုဖြတ်ပြီး ခရုတွေ၊ ငါးတွေ သွားရှာတာ ရှိတယ်။ အခုက လမ်းမှာ မိုင်းတွေရှိနိုင်တဲ့ အတွက် မသွားရဲဘူး” ဟု ပြောသည်။

တောင်ပေါ်ဒေသက မြိုလူမျိုးများမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် တောင်ယာစပါး၊ ငရုတ်သီး၊ သခွားသီး၊ ပြောင်း၊ နှမ်း စသည့်သီးနှံများကိုစိုက်ပျိုးကာ လုပ်ကိုင်စားသောက်ကြသည်။ သို့သော် ကျေးရွာအနီးက တော တောင်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် လက်နက်ကိုင်တပ်များက စခန်းချနေထိုင်ခဲ့ခြင်းများကြောင့် မိုင်း အန္တရာယ်စိုးရိမ်၍ ဒေသခံများမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ကြုံနေရခြင်းဖြစ်သည်။

ဝက်ကျိန်းကျေးရွာ ယာယီအုပ်ချူပ်ရေးမှူး ဦးအောင်ဆန်းက “ရွာသားတွေက သစ်၊ ဝါးခုတ်ဖို့တောင် တော တောင်တွေကို မသွားရဲကြတော့ဘူး။ မိုင်းက နေရာတိုင်းမှာရှိနေတာဆိုတော့ ကိုယ့်အိမ်နားမှာရှိတဲ့ လယ်တွေ ကိုပဲ လုပ်ကြတယ်။ တော်တော်လေးကို အခက်အခဲရှိတယ်” ဟု သူက ပြောသည်။

ဝက်ကျိန်းကျေးရွာတွင် ယခု ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့က  အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ် ဘေးနားရှိ လယ်ကွင်းတွင် ကစားနေစဉ် စစ်ကျန်ဗုံးသီးတစ်လုံးကို ကိုင်တွယ်မိရာမှ ပေါက်ကွဲသွားသဖြင့် အသက်သေဆုံးခဲ့ရသည်။

တောင်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာများအနေဖြင့် မပေါက်ကွဲသေးသည့် မိုင်းနှင့် စက်ကျန်လက်နက်များကို အမြန်ဆုံးရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုကြသည်။

လောင်းဒုံကျေးရွာ ဒေသခံတစ်ဦးက “အဓိက တောင်းဆိုချင်တာက အဲဒီနေရာတွေမှာ မိုင်းတွေထောင်ထားခဲ့ရင် ရှင်းပေးစေချင်တယ်။ အစိုးရ(စစ်ကောင်စီ)က လုံခြုံပြီလို့ အာမခံပေးမှ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း လူဦးရေ ၄၀,၀၀၀ ကျော်ရှိသည့် မြိုလူမျိုးများမှာ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် မြို့နယ်တို့တွင် အများအားဖြင့်နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို အဓိက အသက်မွေးဝမ်း ကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ကြသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...