အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အခွင့်အရေးကို နှစ်ဆတိုး ကာကွယ်ရန် ကုလသမဂ္ဂ တိုက်တွန်း

အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အခွင့်အရေးကို နှစ်ဆတိုး ကာကွယ်ရန် ကုလသမဂ္ဂ တိုက်တွန်း
by -
မဇ္ဈိမ
ဇူလိုင် ၁၁ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကမ္ဘာ့့့လူဦးရေနေ့အခမ်းအနားတွင် တွေ့ရ သည့် လ.ဝ.က အမျိုးသမီးဝန်ထမ်းများ (ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)
ဇူလိုင် ၁၁ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကမ္ဘာ့့့လူဦးရေနေ့အခမ်းအနားတွင် တွေ့ရ သည့် လ.ဝ.က အမျိုးသမီးဝန်ထမ်းများ (ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)
အမျိုးသမီးများ၏ ကျန်းမာရေးနှင့် ၎င်းတို့၏ အခွင့်အရေးတို့ကို ယခုထက်ပိုပြီး နှစ်ဆပိုမို ကာကွယ်စောင့်ရှောက်ပေး ရန်နိုင်ငံတကာ အသိုင်းအဝန်းသို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။

 ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁၁ရက်က ကျရောက်သည့် “ကမ္ဘာ့လူဦးရေနေ့” တွင် ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ အမှုဆောင် ဒါရိုက်တာတို့က နိုင်ငံတကာအသိုင်းအဝန်းသို့ သဝဏ်လွှာပေးပို့ကာ တိုက်တွန်း ထားခြင်းဖြစ်သည်။

 အဆိုပါ သဝဏ်လွှာတွင် “အမျိုးသမီးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတို့သည် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ကြံုတွေ့ချိန်တွင် နှိပ်စက်ညှင်းပန်းမှု၊ လိုင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ အကြမ်းဖက်မှုနှင့် အတင်းအဓမ္မ လက်ထပ် ထိမ်းမြားခံရမှု စသည်တို့ကို ကြံုတွေ့ ရင် ဆိုင်ရနိုင်ခြေ ပိုမိုများပြားသည်” ဟု ရေးသားထားသည်။

 ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုများနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းတို့တွင် အမျိုးသမီးများ၊ ဆယ်ကျော်သက်အရွယ်မိန်းကလေးများနှင့် လူငယ်တို့ အပြည့်အဝ ပူးပေါင်းပါဝင်မှု ရရှိစေရေးအတွက်လည်းကောင်း၊ အစိုးရများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ များကို လိုက်နာမှုရှိစေရေးအတွက်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန် သူတို့ကို တရားဥပဒေ ဘောင်အတွင်း အရေးယူနိုင်စေရေးအတွက်လည်းကောင်း ဆောင်ရွက်ပေးရန် လိုအပ်သည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသေးသည်။

 ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကိုလည်း မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ Hotel Royal ACE တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက “အမျိုးသမီးတစ်ဦး၏ အသက်တစ်ချောင်းသည် မည်သည့်အချိန် မည်သည့်အခြေအနေတွင်မဆို ခြွင်းချက်မရှိ တန်ဖိုးရှိနေစေရမည်” ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

 အရေးပေါ်အခြေအနေကျရောက်သည့် အချိန်တွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုထိခိုက်နိုင်ပြီး ၎င်းတို့အတွက် လိုအပ်ချက်များမှာလည်း လစ်လျူရှုခံနေရသည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကိုယ်ဝန် ဆောင်မိခင် (၉) သိန်းကျော် ရှိပြီး မွေးဖွားမှုပြဿနာကြောင့် သေဆုံးရသည့် မိခင် (၂၀၀၀)ကျော်ခန့် ရှိသည်။

 မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများအပြင် အိမ်တွင်း အကြမ်းဖက်ခံရမှုများကို ဆိုးရွားစွာ ကြံုတွေ့နေရသည်ဟုလည်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူများက အစဉ်တစိုက် ပြောဆိုလျက်ရှိသည်။

ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ပြည့်သည့် ၁၉၈၇ခုနှစ်၊ ဇူလိုင် ၁၁ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် စတင်သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...