မွန်ပြည်နယ်၊ ကျိူက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတား ဇူလိုင်လ ၆ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။
မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားအလယ်တွင် ၆ ပေခန့် အပေါက်ကြီး ဖြစ်သွားပြီး ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မိုင်းပေါက်ကွဲမှုဖြစ်သွားတဲ့တံတားက ကျိုက်ထီးရိုးတောင်ခြေကနေ တက်လာရင် ဆယ်မိနစ် စခန်းအလွန် တောင်တက်လမ်းပြီးရင်း ကုန်းအဆင်းမှာရှိတဲ့တံတားပါ။ တံတားရဲ့ ဘယ်ဘက်ခြမ်းမှာဆိုရင် ရေတံခွန်ရှိပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဘုရားပွဲတော်ကာလ မဟုတ်သည့်အတွက် တောင်တက်ယာဥ် အတက်အဆင်း သိပ်မရှိသော်လည်း ကျိုက်ထီး ရိုးတောင်ပေါ်နှင့် အနီးနားတဝိုက် နေထိုင်သူများ တောင်ပေါ်၊ တောင်အောက် သွားလာရာတွင် ထိုတောင်တက် လမ်းကိုသာ အသုံးပြုနေကြရသည့်အတွက် သွားလာရေး အခက်အခဲကြုံတွေ့ရသည်ဟု ဒေသခံတို့ထံမှ သိရ သည်။
ကျိုက်ထီးရိုးတောင်တက်ကားလမ်း ၁၀ မိနစ် စခန်းအကျော်ရှိ လေးဖာတောတံတားကို ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ထို့သို့ မိုင်းခွဲဖျက်ဆီး ခံရခြင်းကြောင့် ပေ ၇၀ ခန့် ရှည်သည့် လေးဖာတောတံတား ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးဟု ဆိုကြသည်။
စစ်ကောင်စီတပ်က ကျိုက်ထီးရိုးတောင်ပေါ် ရှိ နေရာအချို့တွင် တပ်စွဲနေထိုင်ထားခြင်း၊ တောင်တက်လမ်းကို အသုံးပြု၍ ရိက္ခာနှင့် လက်နက်သယ်ယူခြင်းများကို လုပ်နေသည့်အတွက် မိုင်းခွဲဖျက်ဆီးခဲ့ရခြင်း ဖြစ်သည်ဟု KNU သထုံ ခရိုင်တာဝန်ရှိသူက ပြောသည်။
အလားတူ ဇူလိုင်လ ၆ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ သံတောင်ကျေးရွာအနီးရှိ သဲဖြူချောင်းတံတား ဒရုန်းဖြင့် တိုက်ခိုက်ခံရသေးသည်။ သို့သော်လည်း တံတားပေါ် တည့်တည့် မကျသော ကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ပေ။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကျုံအိတ်တံတားကို KNU တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့ပြီး တံတား တစ်ခြမ်း ပျက်စီးသွားခဲ့သည့်အပြင် ခရီးသွား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။
KNU တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲခဲ့သည့် တံတားသည် စစ်ရေးအရ စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။







