ပဋိပက္ခအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အမြင့်ဆုံးသို့ ရောက်ရှိနေဟုဆို

ပဋိပက္ခအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အမြင့်ဆုံးသို့ ရောက်ရှိနေဟုဆို
ဓာတ်ပုံ - VOA
ဓာတ်ပုံ - VOA

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီး များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ထောက်ပြကြသည်။

အမျိုးသမီး အကြမ်းဖက်ခံရမှုများနှင့်ပတ်သက်၍ “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက် ရေး အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ ”ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှ ဦးဆောင်ကာ ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် Online မှတစ်ဆင့် ဆွေး‌နွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

အာဏာမသိမ်းမီ အချိန်ကတည်းက ပဋိပက္ခအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ရှိခဲ့ သော်လည်း စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာနေသည်ဟု မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မနောင်းမို့မို့က ပြောသည်။

“အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက အမျိုးသမီးတွေ၊ ကလေးတွေကို ဦးတည်ပြီး အကြမ်းဖက်မှုတွေကို ပုံစံမျိုးစုံနဲ့ ပိုပိုပြီး လုပ်ဆောင်နေတာကို တွေ့ရတယ်။ အထူးသဖြင့် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆို ပိုဆိုးတယ်” ဟု မနောင်းမို့မို့က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံအတွင်းတွင် တိုးမြှင့်ဖြစ်ပွားလာနေသော လက်နက်ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ နေ့စဉ် ဘဝလုံခြုံရေးမှာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေကြောင်း ဆိုကြသည်။

လူ့အခွင့်အရေးနှင့် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် မမီးငယ်က “ကျမတို့ စစ်ကိုင်းတိုင်း မှာဆိုရင် သပိတ်မှာပါဝင်တဲ့ အမျိုးသမီးတွေရဲ့ နေအိမ်က မိသားစုတွေကို စစ်ကောင်စီက ဖမ်းဆီးတယ်။ ပြီး တော့ သူတို့အိမ်တွေကို ဖျက်ဆီးတယ်။ ဖျက်ဆီးတဲ့ဟာတွေကို ထိုင်ကြည့်ခိုင်းတယ်။ ပြီးတော့ နှိပ်စက်ခံရတာ တွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ အများကြီးကြုံနေရတာကို တွေ့ရတယ်” ဟု ပြောသည်။

ပဋိပက္ခဖြစ်ပွားရာဒေသမှ အမျိုးသမီးများမှာ မုဒိမ်းမှု၊ အုပ်စုလိုက် မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ ကာမလိမ်လည်မှု စသဖြင့် ပုံစံမျိုးစုံနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေကြရကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ဆို သည်။

ကျူးလွန်သူများမှာ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းထောင်ဝန်ထမ်း၊ ပျူစောထီး၊ ရပ်/ကျေးအာဏာပိုင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် သာမန် အရပ်သားများအပြင် နိုင်ငံရေးပါတီဝင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (LDF)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတွင် ဩဇာအာဏာရှိသူများ လည်း ပါဝင်နေကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၏ ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

နွေးဆွေးပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မအတာက “ခုလိုမျိုး လိင်အကြမ်းဖက်မှုတွေ ဖြစ် လာရင်၊ စစ်ကောင်စီမှမဟုတ်ဘူး အရပ်သားအချင်းချင်း ကျူးလွန်တာတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဝင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်မှုတွေကို မှတ်တမ်းပြုစုပြီးတော့ အရင်ဆုံး လူမှုရေး ပြစ် ဒဏ်ပေးရမယ်” ဟု ပြောသည်။

တော်လှန်ရေးအင်အားစုများမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်ခြင်းမှ ချက်ချင်း ရပ်တန့်ရန်၊ နိုင်ငံရေး အင်အားစုများအပါအဝင် အခြားတော်လှန်ရေး အင်အားစုများအနေဖြင့် မိမိအဖွဲ့မှ ကျူး လွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး လုပ်ဆောင်ရန် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှ တောင်းဆိုထားသည်။

စစ်ကောင်စီတပ်၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ် ခြင်းများကို ရပ်တန့်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့် ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (သို့မဟုတ်) အခြားနိုင်ငံတကာ ခုံရုံးသို့ အမှုလွှဲပြောင်း စီရင်ဆောင်ရွက် နိုင်ရေး တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု နှစ်နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ အာဏာသိမ်းမှု အကျိုး ဆက်အဖြစ် လက်နက်ကိုင်ပဋိပက္ခကြား အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက် သဖွယ် အသုံးပြုခံနေကြရကြောင်းလည်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ထောက်ပြကြသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...