(၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ KNU ထိန်းချုပ်နယ်မြေများတွင် ကျင်းပ

(၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ KNU ထိန်းချုပ်နယ်မြေများတွင် ကျင်းပ
by -
ကေအိုင်စီ

ယနေ့ကျရောက်သည့် ၆၃နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်ပြည်နယ် ကရင်အမျိုးသားအ စည်းအရုံး(KNU)၏ ထိန်းချုပ်ရာနယ်မြေတချို့တွင် ကျင်းပြုလုပ်ကြသည်ဟု သိရသည်။

၆၃နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကရင်ပြည်နယ်မြောက်ပိုင်း KNU တပ်မဟာ( ၅)နယ်မြေတွင် ကျင်းပပြုလုပ်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် လူထုပရိဿတ် ၂,၀၀၀ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အစီအစဉ်နှစ်မျိုးဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရ ဗိုလ်မှူးကလယ်ဒို့က “ပထမ အဆင့်ကတော့ တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ အစီအစဉ် တွေအဖြစ် စစ်ရေးပြ၊ ဥက္ကဌမိန့်ခွန်းနဲ့၊ KWO, KYO, KSNG တို့ သဝဏ်လွှာတွေကို ဖတ်ကြားတယ်။ ဒုတိယအဆင့်ကတော့ ကျနော်တို့ မိခင်အစည်းအရုံးနဲ့ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အကြောင်း တက်ရောက်လာတဲ့ ပြည်သူတွေကို ရှင်းလင်းပွဲ လုပ်တယ်”ဟု ဆိုသည်။

ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုးကျေးရွာတွင်လည်း ယနေ့နံနက် (၇)နာရီမှ (၉း၃၀)အထိ ကျင်းပပြုလုပ်သည့် ၆၃နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင်လည်း ကရင်ပြည်သူ ၁,၀၀၀ကျော် တက်ရောက်ဂုဏ်ပြုခဲ့ ကြသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရွာသူကြီးတစ်ဦးက “ ဒီမနက်ဟာ ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ အထွဋ်အမြတ်ထားတဲ့ နေ့တစ်နေ့ဆိုတော့ ကျက်သရေရှိလှပါတယ်။ အခုလို ကျနော်တို့တတွေ စုစုစည်းစည်းနဲ့ ဂုဏ်ပြုခွင့်ရတာ ၀မ်းမြောက်ဂုဏ်ယူပါ တယ်။ နောက်ပြီး ပရိဿတ် ထောင်နဲ့ချီ တက်ရောက်ဂုဏ်ပြုတာ တွေ့ရတော့ အထူးပဲ ၀မ်းမြောက်မိတယ်။”ဟု ပြောသည်။

ထိုအခမ်းအနားတွင် KNLA တပ်မှူးတပ်သားများ၊ ကျေးရွာ (၅)ရွာမှ ကရင်ပြည်သူများ၊ ထိုင်းနယ်စပ်မှ ကရင်ပြည်သူများနှင့် ကရင်ငြိမ်းအဖွဲ့မှ အောက်ခြေတပ်မှူး တပ်သားတချို့နှင့် နယ်စပ်ထိုင်းအာဏာ ပိုင်တချို့လည်း တက်ရောက်ကြပြီး စစ်ရေးပြ အစီအစဉ်၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်းနှင့် သဝဏ်လွှာများ ဖိတ်ကြားခြင်း၊ တက်ရောက်လာသည့် ခေါင်းဆောင်များက မိန့်ခွန်းပြောဆိုခြင်းအပြင် ကိုယ်အင်္ဂါများ ပေးဆပ်ခဲ့သည့် တပ်မှူးတပ်သားများကို ဂုဏ်ပြုခဲ့ကြသည်။

မြဝတီမြို့တောင်ဘက် အူးကလေးခီးစခန်း၌ KNLA တပ်ရင်း(၁၀၃)မှ မနက် ရနာရီကျော်က ကျင်းပသည့် အလားတူ အခမ်းအ နားတွင်လည်း လူထု ၃၀၀ဦးနီးပါး လာရောက်ဂုဏ်ပြုခဲ့ကြသည်။

ယနေ့ကျရောက်သည့် (၆၃)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပေးပို့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘော၏ မိန့်ခွန်း၌ “ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၃နှစ်တိုင် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ကရင်တမျိုးသားလုံး မျှော်လင့်ချက်ပန်း တိုင်သို့ မရောက်ရှိသေးတဲ့အတွက် ကရင်တမျိုးသားလုံး လိုလားတဲ့ လွတ်လပ်ငြိမ်းချမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည် ရရှိရေးကို ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ထို့အပြင် KNU ၏ လမ်းညွှန်မှုအောက်မှ ကရင်လူထုနှင့် ကရင်တပ်မတော်သားများအနေဖြင့် မတရားမှုမှန်သမျှကို ကျော်လွှား နိုင်ရန် ခိုင်မာသောသတ္တိ၊ မှန်ကန်သော အမျိုးသားစိတ်ဓာတ်ဖြင့် ဥက္ကဌကြီး၏ မူ ၄ချက်နှင့် ရပ်တည်ပြီး ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရေး ဘက်ပေါင်းစုံ ဆက်လက် တိုက်ပွဲဝင်သွားရန် တိုက်တွန်းခဲ့သည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်အ မျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDOတို့ကို ၁၉၄၉ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် ထိုစဉ် အုပ်ချုပ်သူ ဦးနုအစိုးရက မတရား အသင်းအဖြစ် ကြေညာခဲ့ပြီးနောက် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ရန်ကုန်ရှိ KNDO ဌာနချုပ်ကို ဦးနု ဦးဆောင်သည့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သဖြင့် တပြည်လုံးရှိကရင်လူ မျိုးများက ပြန်လည် ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင် ဖြစ်ပေါ်ခဲ့သည်။

Most read this week