မြန်မာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များပြောဆို

မြန်မာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များပြောဆို
by -
နှောင်းလှိုင်

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ထမ်း ဆောင်ရန် အာဆီယံခေါင်းဆောင်များမှ အတည်ပြု မှုသည်အလွန်အချိန်စောနေသေး ကြောင်း လက် နက်ကိုင် တိုင်းရင်းသားအဖွဲ့များက ပြောသည်။

မြန်မာနိုင်ငံပြည်တွင်းတွင် လက်ရှိ ဖြစ်ပျက်နေသည့် စစ်ရေးပဋိပက္ခ္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသားအရေးများကို မဖြေရှင်းနိုင်သေးပဲ မြန်မာနိုင်ငံအား အာဆီယံ ဥက္ကဌရာထူးကို မပေး သင့်သေးကြောင်း၊ ထိုသို့ ရာထူးပေးလိုက်ခြင်းသည် အာဆီယံခေါင်းဆောင်များအနေဖြင့်တိုင်းရင်းသား များတို ့မှ တောင်းဆိုနေကြသည့် အခွင့်အရေးများကို လျစ်လျူရှုရာ ရောက်သည်ဟု RCSS/SSA ရှမ်းပြည် တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အုပ်စုပါ၀င်တဲ့ အစိုးရကိုပဲအားလုံးတာဝန်အပ်နှင်း ပြီးတော့ ကျနော်တို့ အာစီယံနိုင်ငံများက လျစ်လျူရှုလိုက်ရင် ကျနော်တို့က နိုင်ငံရေးပြဿနာတွေ မဖြေရှင်း နိုင်သေးတဲ့ နိုင်ငံရေးပြဿနာတွေ၊ လူ့အခွင့်အရေးတွေ၊ တိုင်းရင်းသားအရေးတွေ ကျနော်တို့လက်ရှိ စစ်အုပ်စုအများစုပါ၀င်တဲ့ အစိုးရက တာဝန်ယူပြီး ဖြေရှင်းနိုင်ပါ့မလား” ဟု SSA ရှမ်းပြည်တောင်ပိုင်းအဖွဲ ့၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်းက ပြောသည်။

မြန်မာနိုင်ငံအား အာဆီယံအဖွဲ ့၏ ဥက္ကဌနေရာမပေးခင် နိုင်ငံရေးအကျဉ်းသားများအားလုံးကိုဦးစွာလွတ်ပေး သင့်ကြောင်း၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများကိုလည်း နိုင်ငံရေးနယ်ပယ်တွင် လွတ်လွတ်လပ်လပ် ပါ၀င်လှုပ်ရှား ခွင့်ပေးရန် လိုအပ်ကြောင်းနှင့် တင်းကြပ်ထားသည့် ဥပဒေများကိုလည်းလျှော့ပေါ့ပေးသင့် သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။

burma_won_1014_asean_chairman“လူတွေကတော့ အပြောင်းအလဲဆီ ဦးတည်နေတယ်လို့ပဲ ပြောနေကြတယ်။ ဒါပေမယ့် ဦးတည်နေတယ်ဆိုတဲ့ လက္ခဏာလေးတွေ တွေ့ရတယ်ဆိုပေမယ့် ဒါလက်တွေ့မှာ တကယ်ဘာအပြောင်းအလဲ ဘာမှမယ်မယ်ရရ ရှိတာမဟုတ်ဘူး။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေမှာဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိမြဲရှိတယ်။ တချို့နေရာမှာတောင် ပိုပြီးတောင် ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိတယ်ဆိုတော့ အာစီယံ နိုင်ငံဝင်တွေ အနေနဲ့က ဗမာပြည်ကို ဥက္ကဌ လုပ်ခွင့်ပေးဖို့ ဆိုတဲ့ကိစ္စကတော့ လောလောဆယ်မှာအဆောတ လျင် မဆုံးဖြတ်သင့်သေးဘူး” ဟု KNPP မှ အတွင်းရေးမှူး- ၁ ခူဦးရယ်က ပြောသည်။

မြန်မာနိုင်ငံအား ဥက္ကဌ ရာထူးပေးလိုက်သည့်တကြိမ်တည်းမှာပင် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေ သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်သွားရန်နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်နိုင်အောင် အာဆီယံအနေဖြင့် အမြန်ဆုံးဖော်ဆောင်ရန်အတွက် မြန်မာအစိုးရကို တောင်းဆိုမှုများပြုလုပ်သင့်သည်ဟု ပြောသည်။

“ကျနော်တို့အနေနဲ့ စောင့်ကြည့်ဖို့တော့ လိုမယ်။ မြန်မာနိုင်ငံအနေနဲ့ ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ၊ ရှေ့ဆက် သူတို့ ဘာတွေလုပ်ဆောင်သင့်သလဲ၊ အဆင်သင့်ဖြစ်မဖြစ်၊ ဒါတွေ အားလုံးကို ကျနော်တို့ ခုချိန် မှတ်ချက်ပေးဖို့တော့ ခက်တယ်။ ဒါကလည်း နိုင်ငံတကာက ခေါင်းဆောင်တွေ ကိုယ်တိုင်ကိုက သဘောတူ ထား ပြီဆိုတော့ ကျနော်တို့က စောင့်ကြည့်ဖို့ပဲ လိုတယ်” ဟု မွန်ပြည်သစ်ပါတီမှ  ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးညီလာခံမှ လာမည့် ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံအား အာဆီယံအဖွဲ ့၏ အလှည့်ကျဥက္ကဌအဖြစ် ပြီးခဲ့သည့် နို၀င်ဘာလ ၁၇ ရက်နေ့က အာဆီယံ ခေါင်းဆောင်များက အတည်ပြုလိုက်ပါသည်။

၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံ အလှည့်ကျ ဥက္ကဌနေရာ ရယူရန်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ကျယ်ပြန် ့ပြန့် ဆက်လက်ရှိနေဆဲဖြစ်သည့်အတွက် အဆိုပါအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

Most read this week