ရှားတောမြို့နယ် ပွန်ချောင်းတံတားအနီး ကားမှောက်၍ အမျိုးသမီးငယ်တဦး သေဆုံး

ရှားတောမြို့နယ် ပွန်ချောင်းတံတားအနီး ကားမှောက်၍ အမျိုးသမီးငယ်တဦး သေဆုံး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ရှားတောမြို့နယ် ပွန်ချောင်း တံတား စုစည်းကျေးရွာအနီး သြဂုတ်လ ၂၃ ရက်နေ့ က ကားမှောက်၍ ခရီးသည် တဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရသွားသည်။

shadaw-bridgeလွိုင်ကော်မြို့မှ ရှားတောမြို့သို့ မောင်းလာသော ဦးစေရယ်၏ ကားသည် ရှားတောမရောက်ခင် ၂၅ မိုင်ခန့်အကွာ ပွန်ချောင်းတံတားအရှေ့ဘက် တောင်တက်လမ်းတွင် တိမ်းမှောက်သွားခြင်း ဖြစ်ပြီး သေဆုံးသူမှာ ရှားတောမြို့နယ် ဒေါနော််ပလူးရွာမှ အသက် ၁၇ နှစ် အရွယ် အမျိုးသမီး ဖြစ်သည်။

“အဲဒီနေရာက ချောင်ကျတဲ့နေရာ ဖြစ်ပြီး တောင် တအား မတ်တယ်။ အကွေ့တွေ များပြီးကားလမ်းက လည်း သိပ် မကောင်းဘူး။ ကားက ပစ္စည်း လေးတာလည်း ပါတယ်” ဟု ရှားတောမြို့နယ် ဒေသ တာဝန်ခံ တဦးက ပြောသည်။

ပွန်ချောင်းလမ်းသည် ကျောက်ခဲခင်း တောလမ်း ဖြစ်သည်။ အခင်းဖြစ်ပွားစဉ်က မိုးရွာပြီးလမ်းချော် နေသည့်အတွက် ဆန်အိတ်များနှင့် လူ ၁၅ ဦးခန့် သယ်ဆောင်လာသည့် ကားသည်တောင်မတက် နိုင်တော့ပဲ ပြန်ဆုတ်ရာမှ မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တုန်းကလည်း ထိုနေရာတွင်ပင် အစိုးရ စစ်ကား တစီး တိမ်းမှောက်ခဲ့ဖူးသည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာန KSWDC မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။ ယခုကဲ့သို့ ကားမှောက်သည့်ကိစ္စနှင့်ပတ်သက်၍ ၎င်းက “ကားမှောက်ပြီး လူ သေသွားတယ်ဆိုတော့ ကားသမား စစ်ဆေးမေးမြန်းခံရမယ်။ လျော်ကြေးလည်း အတောင်းခံရမှာပဲ” ဟုပြောသည်။

ရှားတောမြို့နယ် ထေးတမရွာသား ဦးစေရယ်၏ ကားသည် နေ့စဉ် ပုံမှန်ပြေးဆွဲနေသည့် လိုင်းကား မဟုတ်ပဲ လူ၊ ပစ္စည်း သယ်စရာရှိမှ ပြေးဆွဲလေ့ရှိသည့်ကား ဖြစ်သည်။

ပွန်ချောင်းတံတားသည် စုစည်းရွာနှင့် နီးပြီး မြန်မာအစိုးတပ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၇ တပ်စခန်းနှင့်လည်း နီးသည်။

Most read this week