သတင်းစာများ မှန်းချက်နှင့် မကိုက်

သတင်းစာများ မှန်းချက်နှင့် မကိုက်
by -
ကျော်ခ
နိုင်ငံပိုင် သတင်းစာများတွင် ”ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ” ကို ယနေ့ ဖော်ပြခဲ့သော်လည်း မျှော်မှန်းထားသလောက် သတင်းစာများ အရောင်းမြင့်တက်ခြင်း မရှိ ...

ချင်းမိုင် (မဇ္စျိမ) ။     ။ နိုင်ငံပိုင် သတင်းစာများတွင် ”ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ” ကို ယနေ့ ဖော်ပြခဲ့သော်လည်း မျှော်မှန်းထားသလောက် သတင်းစာများ အရောင်းမြင့်တက်ခြင်း မရှိသည်မှာ ပြည်သူလူထုအကြား ရွေးကောက်ပွဲ စိတ်ဝင်စားမှု လျော့ပါးနေကြောင်း ထင်ဟပ်နေသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရွေးကောက်ပွဲဥပဒေ အသေးစိတ်များကို ယနေ့မှစ၍ သတင်းစာများတွင် ထည့်သွင်းဖော်ပြမည်ဟု တရက်ကြိုတင် ကြေညာခဲ့သော်လည်း မနက် အစောပိုင်းတွင်သာ သတင်းစာ အရောင်းသွက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရကိုယ််စားလှယ် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စတင်တွေ့ဆုံသည့် သတင်း ပါရှိစဉ်ကဲ့သို့ အရောင်းမသွက်ကြောင်း သတင်းစာဖြန့်ချိရေး ကိုယ်စားလှယ်များက ပြောသည်။

“ဒီမနက် တစောင် ၁၀၀ (ကျပ်) နဲ့ ရောင်းနေကြတာပဲ။ ခါတိုင်းထက် ရောင်းရတာတော့ မှန်တယ်။ ဒါပေမဲ့ ဒေါ်စုနဲ့ ဦးအောင်ကြည်နဲ့ တွေ့တုန်းကလောက် အသည်းအသန် ဝယ်တာမျိုး မရှိဘူး” ဟု ရန်ကုန် ပန်းဆိုးတန်း သတင်းစာအရောင်းဆိုင် ဝန်ထမ်းက မဇ္စျိမကို ပြောသည်။  

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်း ဓာတ်ပုံသတင်းပါရှိသည့် ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း သတင်းစာများနှင့် ဂျာနယ်များတွင် ဖော်ပြခွင့် ရရှိခဲ့စဉ်က လက်ကျန်ပြတ်သည်အထိ ရောင်းခဲ့ရသည်ဟု ဆိုသည်။

၂၀၀၇ သံဃာ့အရေးအခင်းအတွင်း ပြည်ပမီဒီယာများနှင့် အင်တာနက်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံငယ်လေး ပါခဲ့သည့်နောက်ပိုင်း ပြည်သူအများစုက သူမ၏ ပုံကို ပထမဥိီးစွာ တွေ့မြင်ရခြင်း ဖြစ်သည်။

မြန်မာ့အလင်းသတင်းစာက ယနေ့တွင် အစောင်ရေ ၁၁၅၄၀၀ နီးပါး ရိုက်ထုတ်ခဲ့ပြီး ပုံမှန်ရိုက်ထုတ်သည့် ပမာဏသာ ဖြစ်သည်။ သတင်းစာတိုက်၏ ပုံမှန်ရောင်းချသော စျေးနှုန်းမှာ တစောင်လျှင် ကျပ် ၅၀ ဖြစ်သည်။

သို့သော် ယနေ့ထုတ် သတင်းစာကို ၅၀၀ ကျပ်ဖြင့် ပေးဝယ်ခဲ့ရသည်ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

မြန်မာဘာသာဖြင့် ရေးသားထားသော ရွေးကောက်ပွဲကော်မရှင် ဥပဒေကို စစ်အစိုးရက အလုံးစုံ ထိန်းချုပ်ထားသော မြန်မာ့အလင်း၊ ကြေးမုံနှင့် New Light of Myanmar တို့တွင် အချပ်ပို ၂ မျက်နှာဖြင့် ဖော်ပြခဲ့သည်။

Most read this week