မြောက်ဦးမြို့ ရော်နီမို စခန်းမှ မရမာကြီး ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ရခိုင်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းမည်

မြောက်ဦးမြို့ ရော်နီမို စခန်းမှ မရမာကြီး ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ရခိုင်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းမည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရော်မိုနီ ဒုက္ခသည်စခန်းမှ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု တစ်ခုဖြစ်သည့် မရမာကြီး တိုင်းရင်းသား ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံညှိနှိုင်းမည် ဟု မြောက်ဦး ရော်မိုနီ ဒုက္ခသည်စခန်း တာဝန်ခံ ဒေါ်ချောမေက မဇ္စျိမကို ပြောသည်။

မြောက်ဦးမြို့အတွင်းရှိ မရမာကြီးတိုင်းရင်းသား နေအိမ် ၁၅ အိမ်ကို ၂၀၁၂  ခုနှစ် ရခိုင် ပဋိပက္ခအတွင်းက ဖျက်စီးခံရပြီး ယင်းတိုင်းရင်းသားများ မိမိနေအိမ်တွင် ပြန်လည်နေထိုင်ရန် မြောက်ဦးဒေသခံ အများစုက လက်မခံနိုင်ခြင်းဖြစ်သည် ဟုဆိုသည်။

ရော်မိုနီ ဒုက္ခသည်စခန်း တာဝန်ခံ ဒေါ်ချောမေက “ဘင်္ဂါလီနဲ့ ဆက်သွယ်လို့ဆိုပြီး အိမ်တွေကို ဖျက်ဆီးခဲ့တာ၊ အခု ကျွန်မတို့ နေရာတွေမှာ ပြန်နေဖို့ မြို့ခံလူတွေက လက်မခံကြတဲ့အတွက် ၀န်ကြီးချုပ်ကို အသနားခံမှာပါ”ဟု မဇ္စျိမကိုပြောသည်။

အဆိုပါ ဒုက္ခသည်များနေဖြင့် ဒေသတည်ငြိမ်နေချိန်တွင် မိမိနေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရန် ၂၀၁၃ နှစ်ကုန်က ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြခဲ့သော်လည်း ထူးခြားမှုမရှိဟုဆိုသည်။

မြောက်ဦးလူမှုကွန်ရက် အဖွဲ့ဝင်ကို စိုးမင်းထိုက်က “အစိုးရက နေရာချထားရင်တော့ ဘယ်သူမှ နှောက်ယှက်နိုင် မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

မြောက်ဦးမြို့ပေါ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများသာ နေထိုင်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်သူများ မရှိသော်လည်း မရမာကြီး တိုင်းရင်းသားအိမ်ထောင်စုများကို ဘင်္ဂလီများနှင့် ဆက်သွယ်သည်ဟုဆို ကာ နေအိမ်များဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် ဇိနမာန်အောင် ဘုရားရှေ့ရွှေဂူတောင်ရပ်ကွက်ရှိ မရမာကြီးတိုင်းရင်းသားတို့၏ နေအိမ်များ ဖျက်ဆီးခံခဲ့ရသည်။

မြောက်ဦးမြို့ပေါ်တွင် မရမာကြီးတိုင်းရင်းသား အိမ်ထောင်စု ၄၀ ခန့်ရှိပြီး အိမ်ထောင်စု ၁၅ စုကို ဖျက်ဆီးခံရ ကာ အိမ်ထောင်စု ၁၀ စုမှာ ရော်မိုနီ ဒုက္ခသည်စခန်းတွင် ကျန်ရှိပြီး ၅ စုမှာ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင် လျက်ရှိသည်။ ရခိုင်မျိုးနွယ်စု ခြောက်ခုရှိပြီး ရခိုင်၊ မြို၊ သက်၊ ခမွီ၊ ဒိုင်းနက်၊ မရမာကြီးတို့ ဖြစ်သည်။

Most read this week