ပြောင်းလဲလာသည့် ပညာရေးစနစ်အသစ် စတင်ဆောင်ရွက်နေ

ပြောင်းလဲလာသည့် ပညာရေးစနစ်အသစ် စတင်ဆောင်ရွက်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ဆရာ/မများနှင့် ကျောင်းသားများ သင်ကြားမှုစနစ်အသစ် ပြောင်းလဲလာသည့် Child Center Approach (CCA) ကလေး ဗဟိုပြုတဲ့ သင်ကြားနည်းစနစ်ကို ဘောလခဲမြို့နယ်ရှိ မူလတန်းကျောင်းများတွင် ကျောင်းသူ/သားများနှင့် ဆရာမများက လက်တွေ့ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်ဟု မူလတန်းပြ ဆရာမ ဒေါ်အေးမိုးခိုင်က ပြောသည်။

ကျောင်းသားများကိုယ်တိုင် လွတ်လပ်စွာ ပါ၀င်ဆွေးနွေးနိုင်သည့် (CCA) ကလေး ဗဟိုပြု သင်ကြားနည်းစနစ် ကို ဘောလခဲမြို့နယ် အခြေခံပညာ မူလတန်းကျောင်းများ၌ သြဂုတ်လမှစပြီး တလလျှင် နှစ်ကြိမ် အလှည့်ကျ ကျောင်းသားများ စုပေါင်းကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

“ကျွန်မတို့ အရင်တုန်းကဆို Teacher Center Approach (TCA) ကိုအသုံးပြုခဲ့တယ်။ အသုံးပြုတော့ ဆရာတွေကပဲ ဦးဆောင်ဆွေး နွေးသွားတယ်ပေါ့နော်။ အခုကျတော့ ကလေးတွေကို (CCA) သဘောနဲ့ လုပ်ပေးတယ်။ (CCA) သဘောနဲ့ ဆိုတာက ကလေးတွေနားမှာ သူတို့သိထားတာလေးတွေကို အရင်မေးမယ် မြန်းမယ်။ အဲ့ချိန်မှာ သူတို့သိတဲ့ အတိုင်းတာလေးတွေ ကိုသူတို့ပြောလာမယ်။ အဲ့ချိန်မှာသူတို့ရဲ့ လိုအပ်ချက်တွေကို ကျမတို့က ပြန်ပြီးတော့မှ ထောက်ပြသွား မယ်ပေါ့”

ယခင်က ကျောင်းအုပ်စု ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် Teacher Center Approach (TCA) စနစ်များဖြင့် ဆရာများ ဦးဆောင်ဆွေးနွေး သွားသည့် ပညာရေးစနစ်တွင် ကလေးများက ကြောက်စိတ်များနှင့် ပြောဆို ဆွေးနွေးခြင်းမရှိသည့်ပဲ ယခုသင်ကြားစနစ်သည် ကလေးများ၏ လိုအပ်ချက်များကို ပိုမိုထောက်ပြ ဆွေးနွေးသွားနိုင်မည်ဖြစ်သည်ဟု သိရသည်။

(CCA)စနစ်ကို ပြောင်းလည်း အသုံးပြုခြင်းဖြင့် ကျောင်းသား/သူများအတွက် အခြေခံအထောက်အကူလေး တွေ ရရှိသွားမှာ ဖြစ်ကြောင်း ဆရာမ အေးမိုးခိုင်က ဆက်ပြောသည်။

“ကျမတို့ ဒီစနစ်ကို အသုံးပြုခြင်းဖြင့် ကလေးတွေဟာ ဆရာတွေနဲ့ လွတ်လပ်စွာ ဆွေးနွေး ပိုင်ခွင့်ရှိသွားမယ် အတွေး၊အသိ ကိုယ်ပိုင်ညာဏ်သုံးခွင့်ရတဲ့အတွက် ကလေးတွေဟာ  - စာသင်ကြားရတာဟာ မခက်ခဲပါလား ငါတို့မှာလည်းဒီလိုသိတဲ့အသိတွေရှိနေတယ်- ဆိုတဲ့ ဟာလေးတွေ သိသွားတဲ့ အတွက်ကြောင့် မကြောက်မရွံ့ တော့ဘူးပေါ့ ဆရာ/မ တွေကိုလည်း ကိုယ့်ရဲ့ မိဘ၊ မောင်နှမတွေလို သဘေားထားလာမှာပေါ့”

သြဂုတ်လ ၂၄ ရက်နေ့တွင် ဘောလခဲမြို့ ရှမ်းပိုင်း အ.မ.က ကျောင်းတွင် ပြုလုပ်ခဲ့သည့် အုပ်စုအလိုက် CCA သင်ကြားစနစ်အပြီး ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

အခြေခံပညာ အလယ်တန်း၊ အထက်တန်းသို့တတ်လှမ်းရာတွင် အခြေခံဖြစ်တဲ့ မှုလတန်းပညာရေးသည် အရေးကြီးပြီး အဆင့်မြင့်ပြောင်းလဲ တိုးတတ်လာနိုင်ရန်အတွက် စနစ်တွေကို စတင် ပြောင်းလဲလာပြီဖြစ်ကြောင်း သိရသည်။

Most read this week