UNFC လှုပ်ရှားမှု၌ပါဝင်ရန် RCSS/SSA အား Nippon Foundation မှ ဖိအားပေး

UNFC လှုပ်ရှားမှု၌ပါဝင်ရန် RCSS/SSA အား Nippon Foundation မှ ဖိအားပေး
by -
သျှမ်းသံတော်ဆင့်

စည်းလုံးညီညွှတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ  UNFC ၏ လှုပ်ရှားမှုများ၌ ပါဝင်ခြင်းမရှိပါက သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီအား ထောက်ပံ့နေမှုကို ပြန်လည်သုံးသပ်ရမည်ဟု Nippon Foundation အဖွဲ့မှ အကြောင်း ကြား လာကြောင်း RCSS/SSA ၏ ထိပ်တန်းအရာရှိများသတင်းရပ်ကွက် ကဆိုပါသည်။

ဥက္ကဌ ယိုဟေးအိ ဆာဆာကာဝါ

UNFC တွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားရာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA က ပါဝင်ခြင်း မရှိခဲ့ပေ။ သို့သော် UNFC မှ ပြုလုပ်သော တွေ့ဆုံဆွေးနွေးရေး၊ အစည်း အဝေးအချို့ကိုတက်ရောက် ခဲ့သည်။

အမည်မဖော်လိုသည့် RCSS/SSA ၏ အရာရှိတဦးက“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှ ဝေဖန် တုန့်ပြန်လိုခြင်း မရှိ ပါဘူး။ ဝေဖန်လို့လဲ အကျိုးမရှိပါဘူး။ UNFC ကို  ဆန့်ကျင်တာ အဆိုးမြင်တာလဲ မရှိဘူး။ဒါပေမယ့် သက်ဆိုင်ရာဘက်ကလဲ  ကျနော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အလေးထား အသိအမှတ်ပြုသင့်တယ် ” ဟု ပြောဆိုသည်။

အဆိုပါ သတိပေးချက်ကို ပြီးခဲ့သည့်  လဆန်းက Nippon Foundation မှပေးပို့လာခြင်းဖြစ်ကြောင်း ဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ Nippon Foundation ၏ ဆုံးဖြတ်ချက်ကို လေးစားပါသည်ဟုသာ အကြောင်းပြန်ထားကြောင်း RCSS က ဆိုပါသည်။

RCSS အား Nippon Foundation မှ ဆန်အိတ် ၆၀၀၀ ကို ယခုနှစ်မတ်ခ်ျလအတွင်းက ထောက်ပံ့ပေးခဲ့သည်။

Nippon Foundation သည်  ၂၀၁၂ ဖေဖော်ဝါရီလ ၂၈ ရက် UNFC မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှစ၍ ပွင့်ပွင့် လင်းလင်း ပါဝင်လာခဲ့သည်။ ထိုနောက်ပိုင်း တဖက်တွင်လည်း ဒေါ်လာ ၃ သန်း ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ ၏ လူသား ချင်းစာနာမှုထောက်ပံ့ရေး Humanitarian ကဏ္ဍတွင် အထောက်အကူပေးလျက်ရှိသည်။

Nippon Foundation သည် UNFC အားယခုလကုန်ပိုင်းတွင်  ဂျပန်အစိုးရနှင့်တွေ့ဆုံခွင့်ရအောင်လည်း စီစဉ်ပေးခဲ့သော ဖောင်ဒေးရှင်း တခုဖြစ်သည်။

အလားတူ လွယ်တိုင်းလျဲန်းဌာနချုပ်၌ အင်္ဂါနေ့က ကျင်းပခဲ့သော ဗဟိုဦးဆောင်မှုကော်မတီအစည်းအဝေး  တက်ရောက် ခဲ့သည့် ပုဂ္ဂိုလ် တဦးကလည်း -  “ အခု နိပွန်ဖောင်ဒေးရှင်းရဲ့အကြောင်းကြားမှုဟာ သူ့ဆန္ဒ၊ သူ့ဆုံးဖြတ်ချက်တော့ မဟုတ်တန်ဘူး။ UNFC ထဲက ပုဂ္ဂိုလ်တဦးတယောက်ကစတင်လာတာဖြစ်နိုင်တယ်။ ဒါကြောင့်မို့ UNFC တဖွဲ့လုံးကို လက်ညှိုး ထိုးလို့ မရပါဘူး ” ဟု ဆိုပါသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဂျပန်နိုင်ငံ ဝန်ကြီး ချုပ်သစ် ရှင်းဇိုးအားဘေးက  နိပွန်ဖောင်ဒေးရှင်း၏ ဥက္ကဌ  ယိုဟေးအိ ဆာဆာကာဝါ အား မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး အတွက် ဂျပန်နိုင်ငံအစိုးရ၏ အထူးသံတမန်အဖြစ် ထပ်မံ အပ်နှင်းခဲ့သည်။ ခန့်အပ်ပြီးတရက်အကြာတွင် UNFC နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ ချင်းမိုင်မြို့တွင်တွေ့ဆုံဆွေးနွေးမှုကို ကမကထ ပြုပေးခဲ့သည်။

Most read this week