ရိက္ခာသယ် အစိုးရစစ်ကား ၁ စီး မိုင်းထိ၍ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ရိက္ခာသယ် အစိုးရစစ်ကား ၁ စီး မိုင်းထိ၍ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
by -
ကေအိုင်စီ

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပလဲမူဒဲနေရာတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၁၂ရက်) ညနေ ၅ နာရီအချိန်ခန့်က ရှေ့တန်းစခန်းအတွက် ရိက္ခာသယ်ဆောင်နေသည့် အစိုးရ စစ်ကားတစ်စီး မိုင်းထိ၍ ရဲဘော် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တပ်မ(၆၆)လက်အောက်ခံ ဒုဗိုလ်မှူးကြီး ရဲသွင်အောင် ဦးဆောင်သည့် ခြေမြန်တပ်ရင်း(ခမရ-၄) တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ကားအစီးရေ ၂၀ က ဘောဂလိမှ ဘူဆာခီးရှေ့တန်း တပ်စခန်းသို့  ယမန်နေ့က ရိက္ခာပို့ဆောင်ခဲ့ရာ ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU လက်အောက်ခံ တောင်ငူခရိုင်၊ တပ်မဟာ(၂) မှ တာဝန်ရှိသူများက ပြောသည်။

အမည်မဖော်လိုသည့် KNU တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက “ကားထိတဲ့မိုင်းဟာ အရင်ထောင်ထားတဲ့ မိုင်းဟောင်းဖြစ်ပါတယ်။ ကားနဲ့ရိက္ခာ မပို့ဖို့ ကျနော်တို့ ကန့်သတ်ထားတဲ့နေရာပါ။ ရိက္ခာပို့မယ်ဆိုရင် ကားလမ်းပေါက်တဲ့ ကလယ်လာစခန်း အထိပဲ သတ်မှတ်ထားတယ်။ အခုနေရာက ကလယ်လာနဲ့ တစ်ရက်ကျော် လမ်းလျှောက်ရတယ်။ နောက် မြည်းနဲ့ ပို့ဖို့ သတ်မှတ်တဲ့ နေရာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာအစိုးရတပ်ဘက်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးသလို ကားမိုင်းထိ၍ ထိခိုက်သွားသည့် လေးဦးထဲမှ မသေဆုံးသော ဒဏ်ရာရရှိသူနှစ်ဦးကို အဆိုပါဒေသရှိ အစိုးရတပ် ကလယ်လာစခန်းသို့ ပြန်လည်သယ်ဆောင်ရာ ယနေ့ညနေ ၃ နာရီ၌ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထန်းတပင်မြို့နယ်အတွင်းရှိ အစိုးရစစ်တပ်သည် ဖလေးဆာလို(တိပ်ပု)စခန်းသို့ ရိက္ခာပို့ရန်အတွက် ယမန်နေ့က သပြေညွှန့်စခန်းဘက်၌လည်း မြည်း(လား) အကောင် ၂၀၀ ပို့ထားသည်ဟု KNU တပ်မဟာ(၂)က ပြောသည်။

လက်ရှိ တောင်ငူဒေသ၌ ကလယ်လာစခန်းမှ ဘူဆာခီး တပ်စခန်းအထိ အစိုးရ၏ တပ်မ(၆၆) လက်အောက်ခံတပ်များဖြစ်သည့် ခြေမြန်တပ်ရင်း(ခမရ-၁၀၊ ၁၀၈၊ ၄)နှင့် ခြေလျင်တပ်ရင်း(ခလရ-၁၄၊ ၃၅၊ ၈၀)တို့ အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

Most read this week