စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းများမှ လူ၄၀၀ ကျော်သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေဟုဆို

စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းများမှ လူ၄၀၀ ကျော်သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေဟုဆို
မိုခါကြောင့် ပျက်စီးမှုများနှင့် သေဆုံးရုပ်အလောင်း (Ziabul Hossain ဖေ့ဘုတ်)
မိုခါကြောင့် ပျက်စီးမှုများနှင့် သေဆုံးရုပ်အလောင်း (Ziabul Hossain ဖေ့ဘုတ်)

မိုခါ မုန်တိုင်း ဝင်ရောက်ခဲ့မှုကြောင့် စစ်တွေမြို့က မွတ်ဆလင် ဒုက္ခသည်စခန်းများမှ လူပေါင်း ၄၀၀ ကျော် သေဆုံးမှုများနှင့် ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း NUG နှင့် မွတ်ဆလင် အသိုင်းအဝိုင်းတို့က ပြော သည်။

NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက “မြေပြင်က ပို့တဲ့သတင်း အချက် အလက်အရ စစ်တွေမြို့တစ်မြို့တည်းကို သေဆုံးတဲ့ ဦးရေက ၄၀၀ ကျော် လောက်ရှိတယ်လို့ သိရပါတယ်ပေါ့” ဟု ပြောသည်။

ထို့အပြင် Ziabul Hossain Foundation ဥက္ကဋ္ဌ Ziabul Hossain ကလည်း စစ်တွေက ဒုက္ခသည် စခန်းများမှ ကလေးနှင့် အမျိုးသမီး ၄၀၀ ကျော် အပါအဝင် ၅၀၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ရေးသား ဖော်ပြထားကြောင်း တွေ့ရှိရသည်။

၎င်း၏ ရေးထားမှု၌ စံပြစခန်းတွင် ၅၀ ကျော်၊ ဗေဒ စခန်းတွင် ၁၁၀ ဦး၊ ဒါးပိုင်စခန်းတွင် ၂၀၀ နီးပါး၊ ဘောဒူဖ (အောင်ပင်လယ်) စခန်းတွင် ၅၀ ကျော်နှင့် အခြားစခန်းများတွင် ၅၀ ကျော် သေဆုံးမှုများရှိခဲ့ကြောင်း ဖော်ပြ ထားသည်။

စစ်တွေမြို့ ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် ဒါးပိုင်၊ အုန်းတောကြီး၊ ဘာဆာလာ၊ စံပြကျေးရွာ၊ ဘာဆာ လာ Camp၊ ဘောဒူဗ နှင့် ဗေဒကျေးရွာများတွင် မိုခါဝင်ရောက်ပြီးနောက် လူရာနှင့်ချီ ပျောက်ဆုံး နေမှုများ ဖြစ် ပေါ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်တွေမြို့နယ်ရှိ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်မှ မွတ်ဆလင်ကျေးရွာများနှင့် ကယ်ဆယ်ရေး စခန်းများ တွင် သေဆုံးသူဦးရေ ၄၀၀ ကျော်အထိရှိနေကြောင်း လက်ရှိသတင်းများ ထွက်ပေါ်နေ၍ အဆိုပါ သတင်းကို အတည်ပြုနိုင်ရန် မွတ်ဆလင်ကျေးရွာများကို နိရဉ္စရာမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းများ ပြတ် တောက်နေသဖြင့် အဆက်အသွယ်မရရှိခဲ့ပါ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းတို့အား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။

မိုခါကြောင့် စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ မင်းပြား အပါအဝင် မြို့နယ်များနှင့် ကျေးရွာများရှိ နေအိမ်များ၊ လမ်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ ဓာတ်အားဖြန့်ဖြူးရေးတိုင်များ ပြိုကျပျက်စီးမှုများဖြစ် ပေါ်ခဲ့ကြသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် မိုခါကြောင့် မြန်မာနိုင်ငံအတွင်း လူ (၃) ဦး သေဆုံးပြီး ၁၃ ဦးသာ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အအုံ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝန်တိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦး ၃၈ လုံး ပျက်စီးကြောင်း ထုတ်ပြန် ပြောဆိုထားသည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...