KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှု အယူခံ ခရိုင်တရားရုံးမှ ပယ်ချ

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှု အယူခံ ခရိုင်တရားရုံးမှ ပယ်ချ

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထောင်ချထားသည့် အမှုများနှင့်ပတ်သက်၍ ခရိုင်တရားရုံးကို အယူခံတင်ပြခဲ့ရာ ပယ်ချခံလိုက်ရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးမှ အပြီးသတ်တရားစီရင်ချိန် ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ် ထားခြင်းဖြစ်ပြီး အဆိုပါအမှုများအတွက် ခရိုင်တရားရုံးတွင် အယူခံ၀င်သော်လည်း ပယ်ချခံလိုက်ရသည်ဟု ၎င်း ၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်ဒေါင်နန်း က ပြောသည်။

ခရိုင်ရုံးမှ အယူခံ ပယ်ချလိုက်သော်လည်း ပြည်နယ်တရားရုံး၊ ပြည်ထောင်စုတရားရုံးချုပ်အထိ အဆင့်ဆင့် လုပ် ဆောင်နိုင်သေးသည်ဟု ပြောသည်။

ရှေ့နေဒေါ်ဒေါင်နန်း က “ရုံးရှေ့ရောက်တာနဲ့ ပလပ်လိုက်တာ။ မကြားနာတော့ဘူးပေါ့။ အယူခံတာ လက်မခံဘူး လို့ ဆိုရမှာပေါ့။ ခရိုင်ရုံးမှာ အယူခံတာ။ သူတို့ ပလပ်တော့ ပြည်နယ်ထိ တက်လို့ရသေးတယ်။ ပြည်နယ်ကနေ ပြည်ထောင်စုတရားရုံးချုပ်ရှိတယ်” ဟု ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ စွဲဆိုခံထားရသည့် အမှုများအတွက် ပုဒ်မ ၁၇-၁ အား ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-က အား ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂ - က အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ဧပြီလ ၇ ရက်နေ့က ချမှတ်ခံထားရခြင်း ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော် မှ တရားလိုပြုလုပ်ပြီး မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇ - ၁ အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နှင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်ပုဒ်မ ၅၂ - က နှင့်ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလထဲတွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက် တွေ့ဆုံသည် ဆိုသည့် အကြောင်းအရာနှင့် ပုဒ်မ၁၇ - ၁၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲ တစ်ခုတွင် “ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့” ဆိုသည့် ခေါင်းစဉ်နှင့် ဝေမျှခဲ့သည့် အချိန်တွင် နိုင်ငံတော် အကြည်ညိုပျက်စေသည့် စကားလုံးအသုံးအနှုန်းများ တွေ့ရသည်ဟု ဆိုကာ ပုဒ်မ ၅၀၅-က၊ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေး ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နှင့် သွားရောက်တွေ့ဆုံသည်ဟု ဆိုကာ ၅၂ -က နှင့် တရားစွဲဆိုခံခဲ့ရကာ ထောင်ချခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဆေးစစ်ရန် သွားချိန် မန္တလေးမြို့ရှိ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...