မွတ်ဆလင် ဒုက္ခသည်စခန်း ၄ ခုတွင် UNHCR က နေအိမ်အမိုးအကာများ တည်ဆောက်ပေး

မွတ်ဆလင် ဒုက္ခသည်စခန်း ၄ ခုတွင် UNHCR က နေအိမ်အမိုးအကာများ တည်ဆောက်ပေး

ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း  (၄) ခုတွင် နေအိမ်အမိုးအကာ ၂၉၂ ခုကို ပြည်လည် တည်ဆောက်ပေးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ယနေ့ထုတ်ပြန်ထားသည်။

ထိုသို့ဆောင်ရွက်ပေးမှုကြောင့် မိသားစုပေါင်း ၂,၆၀၀ ခန့်မှာ ဘေးကင်းလုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိစွာနေထိုင်ရန် နေရာတစ်ခုရရှိစေခဲ့ကြောင်း UNHCR က ဆိုသည်။ သို့သော်လည်း “စစ်မှန်၍ ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိသည့် ဖြေရှင်းဆောင်ရွက်ချက်များ ဖော်ဆောင်နိုင်သည့် အချိန်အထိ နေရပ်စွန့်ခွာနေထိုင်ရသူများ ပြည့်ပြည့်ဝဝ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်နေဆဲဖြစ်သည်”ဟု UNHCR ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

UNHCR က ကူညီပေးသည့် နေအိမ်အမိုးအကာများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို လက်ခံရရှိပြီးဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောသည်။

“UNHCR က နေအိမ် အလုံး(၅၀) ဆောက်ပေးပါတယ်။ ပေ ၃၀၊ ၄၅ ပေ လောက်ရှိတဲ့ ယာယီနေထိုင်ဖို့အတွက် ဆောက်ပေးတာပေါ့။ ပြီးတော့ တာပေါ်လင်တွေလည်း ထောက်ပံ့ပေးတာရှိတယ်။ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အိုး၊ ပန်းကန်တွေ ထောက်ပံ့ပေးတာရှိတယ်”ဟု ကျောက်တလုံးဒုက္ခသည်စခန်းမှ ဦးမော်နီက DMG ကို ပြောသည်။

သို့သော်လည်း မွတ်ဆလင်ဒုက္ခသည် စခန်း (၁၁) ခု၊ လူဦးရေ ၁၀၇,၀၀၀ ကျော်ရှိသော စစ်တွေမြို့နယ်က တချို့စခန်းများတွင် UNHCR က တာပေါ်လင်များ ကူညီပေးမှုသာရှိပြီး နေအိမ်များဆောက်လုပ်ပေးမှု မရှိသဖြင့် အကူအညီများလိုအပ်နေကြောင်း ဒုက္ခသည်များက ပြောဆိုကြသည်။

“စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေမှာတော့ လုံးချင်းအိမ်တွေကို ဆောက်ပေးတာတော့ မရှိဘူး။ ဒါပေမယ့် ရွာထဲမှာတော့ ဆောက်ပေးတာရှိခဲ့တယ်။ ဒုက္ခသည်စခန်းတွေမှာ ဆောက်ပေးတယ်ဆိုရင်တော့ ကျနော်တို့ သိရမှာပါ”ဟု စစ်တွေမြို့နယ် ဘောဒူဖဒုက္ခသည်စခန်းနေ မွတ်ဆလင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေးဆန်သည့် ပဋိပက္ခများကြောင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်မှ မွတ်ဆလင်တစ်သိန်းကျော်မှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားကြရသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ၊ ကျောက်တော်၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ မွတ်ဆလင်များမှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားကြရသည်။

ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်လာခဲ့သော်လည်း တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် ခရီးသွားလာခွင့်ကို အာဏာပိုင်များက တင်းကျပ်ထားမှုကြောင့် ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေရသည်ဟု မွတ်ဆလင်များက ပြောဆိုကြသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...