ပြန်လည်လက်ခံရေးစာရင်းတွင်ပါဝင်သည့် မွတ်ဆလင်ဒုက္ခသည် ၅၀၀ခန့်အား စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်စစ်ဆေး

ပြန်လည်လက်ခံရေးစာရင်းတွင်ပါဝင်သည့် မွတ်ဆလင်ဒုက္ခသည် ၅၀၀ခန့်အား စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်စစ်ဆေး

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး ရှေ့ပြေးစီမံကိန်းအရ ပြန်လည်လက်ခံရေးစာရင်းတွင်ပါဝင်သည့် မွတ်ဆလင်ဒုက္ခသည် (၅၀၀)ခန့်အား မြန်မာစစ်ကောင်စီဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

လူဝင်မှုနှင့် ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုး ဦးဆောင်သော အဖွဲ့ဝင် (၁၇) ဦးပါသည့် မျက်မြင်စစ်ဆေးရေးအဖွဲ့သည် နေ့ရပ်စွန့်ခွာသူများ၏ ဆက်စပ်မိသားစုဝင်ဟုဆိုသူ ၄၈ဝ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မြို့တွင် မတ်လ ၁၅ ရက်မှ ၂၂ ရက်အထိ သွားရောက်စစ်ဆေးခဲ့ကြောင်း ယနေ့ မတ်လ ၂၅ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများ၌ ဖော်ပြထားသည်။

ယင်းသို့ စစ်ဆေးရာတွင် အဆိုပါမွတ်ဆလင်များ၏ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထပ်မံမွေးဖွားသည့် ကလေးငယ်များ၏ အချက်အလက်များကိုလည်း မေးမြန်းရယူကာ မြန်မာဘက်ရှိ သက်ဆိုင်ရာကော်မတီများထံ တင်ပြသွားမည်ဟုလည်း သတင်းစာများတွင် ဆိုထားသည်။

“ မျက်မြင်စစ်ဆေးရေးအဖွဲ့ သည် နေရပ်စွန့်ခွာသူများ၏ ဆက်စပ်မိသားစုဝင်များဟု ဆိုသူ ၄၈၀ ကျော်ကို တက်ကနက်မြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထပ်မံမွေးသည့် ကလေးများ၏ အချက်အလက် များကို မေးမြန်းရယူခဲ့ကာ မြန်မာဘက်ရှိ  သက်ဆိုင်ရာ ကော်မတီများထံ တင်ပြ၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။

မွတ်ဆလင်များအနေဖြင့် မြန်မာဘက်သို့ မိသားစုအလိုက် ပြန်လည်ဝင်ရောက်လိုကြောင်း မေတ္တာရပ်ခံလာသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

 “ရှေ့ပြေး စမ်းသပ်စီမံကိန်းဖြင့် ပြန်လည်လက်ခံရန် လျာထားသည့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ အနေဖြင့် မိသားစုလိုက် ပြန်လည်ဝင်ရောက်လိုကြောင်း မေတ္တာရပ်ခံလာသည့် အတွက်  မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကျန်ရှိသည့် မိသားစုဝင်များကို စိစစ်နိုင်ရေးအတွက် မြန်မာဘက်က မျက်မြင်စစ်ဆေးရေးအဖွဲ့အား ယခုကဲ့သို့ စေလွှတ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။  

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန်တို့ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လ (၈)နှင့် (၉)ရက်တို့တွင် မောင်တောဒေသရှိ ငခူရစခန်းနှင့် လှဖိုးခေါင်ယာယီလက်ခံရေး စခန်းများသို့သွားရောက်ကာ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်မှု အခြေအနေများအား ကြည့်ရူခဲ့သည်။

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး အဆင်သင့် ဖြစ်နေသည်မှာ ကြာပြီဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောဆိုခဲ့သည်။

ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ရောက်ရှိနေသည့် မွတ်ဆလင်များအား ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project)အရ မွတ်ဆလင် (၁၅၀၀) ကျော်ကို စတင်လက်ခံပြီး မောင်တောမြို့နယ်ရှိကျေးရွာ (၁၅)ရွာတွင် နေရာချထားရန်နှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများကိုလည်း ဆောင်ရွက်ထားရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆိုထားသည်။

စစ်ကောင်စီက မွတ်ဆလင်များအား ပြန်လည် လက်ခံရာတွင်လည်း စံသတ်မှတ်ချက် (၅)အနေဖြင့် မြန်မာနိုင်ငံထဲတွင် နေထိုင်ခဲ့သူဖြစ်ရန်၊ ကွဲကွာနေသော မိသားစုဝင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံး၏ မှန်ကန်ကြောင်း ထောက်ခံချက်ရှိရန်၊ မိိမဆန္ဒအရ ပြန်လာသူဖြစ်ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးများဖြစ်ပါက မိဘနှစ်ပါးလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများဖြစ်ရန်နှင့် နေရန်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ်လက်သို့ ရောက်ရှိပြီး မွေးဖွားသည့် ကလေးများအတွက် မှန်ကန်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံး၏ ထောက်ခံချက် ပါရှိရမည်ဟူ၍ ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်များက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မြန်မာစစ်တပ်၏နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းခန့် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုငံသို့  ထွက်ပြေးတိမ်းခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

၄င်းတို့အား ပြန်လည်လက်ခံရန် NLD အစိုးရကလက်ထက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရက ဆောင်ရွက်ခဲ့သော်လည်း ထမြောက်အောင်မြင်မှုမရှိခဲ့ဟု သိရသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...