အာဟာရချို့တဲ့မှုကြောင့် ရခိုင်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ မီးဖွားရခက်ခဲမှုများရှိနေ

အာဟာရချို့တဲ့မှုကြောင့် ရခိုင်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ မီးဖွားရခက်ခဲမှုများရှိနေ

ရခိုင်ပြည်အတွင်း မြို့နယ်တစ်ချို့က စစ်ဘေးရှောင်စခန်းများအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့မှာ အာဟာရချို့တဲ့မှုများကြောင့် မီးဖွားရခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာထောက်ပံ့မှုများ လုံလောက်အောင် မရရှိသည့်အတွက် စခန်းအတွင်းနေထိုင်သည့် အမျိုးသမီးတချို့နှင့် ကလေးငယ်များသည် အစာအာဟာရ ချို့တဲ့မှုဒဏ်များကို ခံစားနေကြရကြောင်း သိရသည်။ အာဟာရချို့တဲ့မှု၏ အကျိုးဆက်များအဖြစ် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျခြင်း ၊ ကလေးမမွေးနိုင်ခြင်း၊ မသန်စွမ်းကလေးငယ်များ မွေးဖွားလာခြင်းများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။

မင်းပြားမြို့နယ် အမ်းသားကြီးစစ်ဘေးရှောင်စခန်းတွင် အာဟာရချို့တဲ့မှုကြောင့် ကလေးမမွေးနိုင်ဘဲ ဆေးခန်းသွားရသည့် အမျိုးသမီး နှစ်ဉီး၊ ကိုယ်ဝန်ပျက်ကျမှုနှင့် ကလေးအသေမွေးသည့် အမျိုးသမီးလေးဉီးအထိရှိကြောင်း စစ်ဘေးရှောင်အမျိုးသမီးများက ပြောဆိုကြသည်။

“စစ်ရှောင်စခန်းအတွင်းမှာ နေရတာဆိုတော့ အနေကျပ်တည်းပြီး အစားဆင်းရဲတယ်လေ။ အဲတော့ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် အားမရှိ၊ အာဟာရဓာတ်တွေချို့တဲ့ပြီး ကလေးမမွေးနိုင်ဖြစ်နေတာ။ ကလေးမွေးနေရင်း မမွေးနိုင်ဘဲ ကလေးသေသွားတာတွေ ရှိတယ်။ မွေးလာတော့လည်း ကလေးက မသန်စွမ်းဖြစ်နေတာတွေ ရှိနေပါတယ်”ဟု အမ်းသားကြီးစစ်ဘေးရှောင်စခန်းက မသန်းအေးက ပြောသည်။

စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ငွေကြေးမတတ်နိုင်မှုများကြောင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်မွေးဖွားခြင်း၊ သားဖွားမီးယပ်ဆရာဝန်၊ ဆရာ/မများနှင့် တိုင်ပင်ဆွေးနွေးခြင်းများ မပြုလုပ်နိုင်ဘဲ အရပ်လက်သည်များဖြင့်သာ ကလေးမွေးဖွားရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများလည်း ရှိနေသည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကလေးမမွေးနိုင်ဘဲ သေဆုံးခဲ့ရသည့် အမျိုးသမီးနှစ်ဉီးနှင့် ကိုယ်ဝန်ပျက်ကျသည့် အမျိုးသမီးတစ်ဦးရှိကြောင်း သိရသည်။

“စခန်းကို အရင်က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့တွေလာတယ်။ တခုခုဆို သူတို့ဆီမှာ ပြကြတယ်ပေါ့။ နောက်ပိုင်း သူတို့တွေမရောက်လို့ အပြင်ဆေးခန်းမှာ သွားပြချင်ပေမယ့် ပိုက်ဆံအဆင်မပြေလို့။ မွေးတော့လည်း အရပ်လက်သည်နဲ့ပဲ မွေးလိုက်ရတယ်။ ကလေးမွေးမယ့်အချိန်လည်းရောက်ရော မမွေးနိုင်ဘူးဖြစ်တာပေါ့။ အစားအသောက် ဝဝလင်လင် မစားရတော့ အားမရှိ မွေးဖို့မညှစ်နိုင်ဖြစ်ခဲ့ပြီး အသက်ပါဆုံးသွားတယ်”ဟု လွန်ခဲ့သော နှစ်လက ကလေးမွေးဖွားရင်း ဇနီးဖြစ်သူ သေဆုံးခဲ့ရသည့်အကြောင်းကို ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးကျော်နိုင်က ပြောပြသည်။

အာဟာရချို့တဲ့ခြင်းသည် အာဟာရဓာတ် လုံလောက်စွာ မစားသုံးရခြင်းကြောင့် ဖြစ်တတ်ပြီး ထိုသို့ အာဟာရဓာတ် ချို့တဲ့နေသူများကို မြေပဲ၊ ထောပတ်ကဲ့သို့ အားဖြည့်အာဟာရမှုန့် အထုတ်ငယ်များ ထောက်ပံ့ခြင်းနှင့် ဖြည့်စွက်စွာများကို ကျွေးမွေးသင့်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကလေးငယ် ၂၃ ဦးသည်လည်း ပြင်းထန်သောအာဟာရချို့တဲ့မှုကို ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမည်မဖော်လိုသော INGO အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက “ကျမတို့ ကျန်းမာရေးစောင့်ရှောက်မှု သွားပေးတဲ့အခါ အမျိုးသမီးတွေကို သန္ဓေတားဆေးတွေလည်း ပေးတာရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင်စခန်းကို သွားလို့မရခဲ့တဲ့ အနေအထားတွေ ရှိခဲ့တယ်ပေါ့။ အဲအချိန်မှာ နေ့စေ့လစေ့ မွေးဖွားရမယ့် ကိုယ်ဝန်သည်တွေကို သွားဂရုစိုက်ပေးချင်ပေမယ့် အခွင့်မသာခဲ့ဘူး။ ဒါကြောင့် ဒီဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ လွတ်လပ်စွာ သွားလာခွင့်ရလိုပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့  ရခိုင်ပြည်အတွင်းရှိ အာဟာရချို့တဲ့ခြင်း ခံစားနေရသော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနေမှုကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းတို့ကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...