စစ်ကောင်စီ လက်နက်ကြီးကြောင့် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

စစ်ကောင်စီ လက်နက်ကြီးကြောင့် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ် အဝင်းကြီးကျေးရွာမှ အသက် ၅ နှစ် အရွယ်ကလေးငယ် ၁ ဦး ထိမှန်သေဆုံးသွားသည်ဟု ဒေသခံများက ပြော သည်။

မတ်လ ၁၈ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်က သထုံအခြေစိုက် အမြှောက်တပ် ၃၁၄ တပ်ရင်းမှ ရွှေရောင်ပြ ကျေးရွာစုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဝင်းကြီးကျေးရွာဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဝင်းကြီးကျေးရွာဘေး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိဘများနှင့်အတူ အင်းထဲတွင် ငါးရှာနေ သည့် အသက် ၅ နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။

ဒေသခံတစ်ဦးက “ကလေးက မိဘတွေနဲ့အတူ အဝင်းကြီးရွာဘေးက အင်းထဲမှာ အင်းပက်ငါးရှာနေချိန်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကလေးဦးခေါင်းကို ကျည်ထိမှန်သွားတယ်။ ကလေးက သေဆုံးသွားခဲ့ တယ်” ဟု ပြောသည်။

မတ်လ ၁၇ ရက်နေ့ ညကလည်း စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ် ခလရ-၂၄ တပ်ရင်းနှင့် အမြှောက် တပ် ၄၀၂ တပ်ရင်းတို့မှ ကော့လှိုင်းကျေးရွာအုပ်စု ကျုံမှိန်ကျေးရွာထဲ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျုံမှိန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် လက်သမားအလုပ် လုပ်နေသည့် အသက် ၂၁ နှစ်အရွယ် စောဝင်းနိုင်ထွေးဆိုသူ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်က ထုတ်ပြန်ထားသည်။

အလားတူ မတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင်လည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင် တပ် ခလရ-၂၄ တပ်ရင်းမှ ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၂ ဦး သေ ဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ပြီးခဲ့သည့် ဇန္နဝါရီလအတွင်းကလည်း သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများက ကျေးရွာများထဲသို့ လက် နက်ကြီး ကျည်များဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အရပ် သားထိခိုက်သေဆုံးမှု ၁၀ ဦးထက် မနည်းရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ ခြေလျင် တပ်ရင်း ၂၄ သည် သထုံ-ဖားအံကားလမ်းမဘေး ဒူးရင်းဆိပ်ကျေးရွာ အနီးတွင် တပ်စွဲ ထားပြီး အမြှောက်တပ် ၄၀၂ တပ်ရင်းသည် သထုံမြို့နယ် ဆူးအင်းကျေးရွာအနီး တပ်စွဲထားကြောင်း အမြှောက် တပ် ၃၁၄ တပ်ရင်းမှာမူ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု ဇီးဝန်းကျေးရွာ အနောက်ဘက်တွင် တပ်စွဲ ထားကြောင်း ကေအဲန်ယူ သထုံမြို့နယ်ခရိုင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...