ရခိုင်တွင် စစ်တပ်တရားလိုများ အကြိမ်ကြိမ်ရုံးချိန်းပျက်ကွက်မှုအပေါ် တရားသူကြီးများနှုတ်ဆိတ်နေမှု ဝေဖန်စရာဖြစ်လာ

ရခိုင်တွင် စစ်တပ်တရားလိုများ အကြိမ်ကြိမ်ရုံးချိန်းပျက်ကွက်မှုအပေါ် တရားသူကြီးများနှုတ်ဆိတ်နေမှု ဝေဖန်စရာဖြစ်လာ

ရခိုင်ပြည်နယ်တွင် စစ်တပ်တရားလိုများအကြိမ်ကြိမ်ရုံးချိန်းပျက်ကွက်မှုအပေါ်  ခရိုင်၊ မြို့နယ်အဆင့် တရားသူကြီးများက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိဘဲ နှုတ်ဆိတ်နေသဖြင့် တရားရေး ကဏ္ဍအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများ၏ အမှုများတွင် တရားလိုနှင့် တရားသူကြီးတို့သည် ယခုနောက်ပိုင်း ရုံးချိန်းအကြိမ်ကြိမ်ပျက်ကွက်နေကြသည်မှာ ဥပဒေကို မလေးစားရာရောက်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ဝေဖန်ပြောဆိုလိုက်သည်။

“တရားရုံးမှာ တရားစွဲချက်တင်ထားလို့ရှိရင် ဘယ်သူမဆို သက်သေ၊ တရားလိုတွေက တရားရုံးကို စစ်ဆေးခံရပါမယ်။ ဒီလိုအစစ်မခံဘဲ ပျက်ကွက်မှုရှိခဲ့ရင် တရားရုံးကို မထီလေးစား လုပ်တာလည်း ဖြစ်တယ်။ ဥပဒေကို မလေးစားရာလည်းရောက်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခိုင့်တပ်တော် ( AA) ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ အများစုသည် စစ်တပ်က တရားလို မရောက်သဖြင့် အကြိမ်ကြိမ်ရုံးချိန်းရွှေ့ဆိုင်းနေရသဖြင့် နစ်နာမှုများ ရှိနေသော်လည်း တရားသူကြီးများသည် ၎င်းတရားလိုများအပေါ် သမာန်စာဆင့်ခေါ်ခြင်း၊ တရားရုံး၏ အမိန့်အာဏာကို သုံးကာ တရားရုံးသို့ လာရောက်ရန် ဆောင်ရွက်ခြင်း မရှိဟု ဆိုသည်။

“ သူတို့က တမင်တကာကို အာဏာရှင်ဆိုတဲ့ အနေအထားမျိုးနဲ့ အာဏာဟာ သူတို့မှာရှိတယ်ဆိုပြီး လုပ်ချင်တာလုပ် သွားချင်သွား လာချင်လာ၊ ဖမ်းချင်ဖမ်းဖို့ဆိုတာက အာဏာရှင်ဆန်သွားတယ်။ မလာလို့ရှိရင် တရားသူကြီးက ဆင့်ခေါ်လို့ မလာဘူးဆိုရင် ဥပဒေအရ နောက်ဆုံး ဝရမ်းထုတ်နိုင်တယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် ( AA) နှင့် ဆက်စပ်ဖမ်းဆီးသူများကို  စစ်ဆေးနေသည့် အမှုများတွင် တရားလို စစ်တပ် အရာရှိများပျက်ကွက်၍ ရုံးချိန်းရွှေ့ဆိုင်းရသည်မှာ တချို့အမှုဆိုလျှင် (၅) ကြိမ်မှ (၉) ကြိမ်အထိ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် တရားစွဲခံရသူ ၁၄ ဦးကို မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။  

သို့သော် တရားလိုများဖြစ်သည့် ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် နောက်ထပ်ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့သည် ရုံးချိန်းပျက်ကွက်ခဲ့သည့်အတွက် လာမည့် မတ်လ ၂၁ ရက်ကို ထပ်မံ ရုံးချိန်းရွေ့ဆိုင်းလိုက်ရသည်ဟု တရားစွဲခံထားရသူများ၏မိသားစုဝင်များက ပြောသည်။

အလားတူ မတ်လ ၁၄ ရက်က မင်းပြားမြို့နယ်တရားရုံးတွင်ရုံးထုတ်ခဲ့သည့် မင်းပြားမြို့၊ ဥက္ကာပျံ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေအမှုတွင်လည်း တရားသူကြီး မရှိ၍ဟုဆိုကာ တစ်စုံတစ်ရာ စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ လာမည့်အပတ်သို့ ရုံးချိန်းရွေ့ဆိုင်းခဲ့သည်ဟု ဇနီးဖြစ်သူဒေါ်ဦးမြရီက ပြောသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ (၂)ဖြင့် တရားစွဲခံထားရသည့်  ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေအပါအဝင် မင်းပြားမြို့ခံ ၅ ဦးကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ နံနက်အရုဏ်တက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

မတ်လ ၁ဝ ရက်က စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည့် ဦးလေမောင်သိန်း (ခါ်) ဦးလှမောင်သိန်း အမှုတွင်လည်း တရားလိုဖြစ်သူ စစ်တွေအခြေစိုက် ၃၅၄ တပ်ရင်းမှ ဗိုလ်ကြီးဝေယံပိုင်စိုးနှင့် စစ်တွေမြို့နယ်တရားသူကြီး ဦးဝင်းနိုင်တို့သည် ရုံးချိန်းပျက်ကွက်ခဲ့၍ တစ်စုံတစ်ရာ စစ်ဆေးမှုမရှိဘဲ လာမည့် မတ်လ ၂၄ ရက်ကို ရုံးချိန်းရွေ့ဆိုင်းခဲ့ရသည်ဟု မိသားစုဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

ထိုသို့ တရားလိုများ ရုံးချိန်းပျက်ကွက်နေသည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်က တစ်ကြိမ်၊ ၂၈ ရက်က တစ်ကြိမ်၊ မတ်လ ၁၀ ရက်က တစ်ကြိမ်၊ ၃ ကြိမ်ဆက်တိုက်ရှိနေသည့်အပြင် ယခင်ကလည်း တရားလိုဘက်က ရုံးချိန်းပျက်ကွက်မှုများရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသည့် ဘူသီးတောင်မြို့နယ်မှ အသက် ၆၆ နှစ်အရွယ် တပ်မင်းချောင်းကျေးရွာမှ ဒိုင်းနက်လူမျိုး အုပ်ချုပ်‌ရေးမှူး ဦးဦးကျော်လှနှင့် အသက် ၆၀ အရွယ် မီးကျောင်းဈေး မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်းတို့ကို မတ်လ ၉ ရက်က ဘူးသီးတောင်မြို့နယ်တရားရုံးတွင်ရုံးထုတ်ခဲ့စဉ်ကလည်း တရားလိုဖြစ်သည့် ဘူးသီးတောင်ဗျူဟာမှ စရဖ ဗိုလ်ကြီး‌နေမင်းဦးနှင့် နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီးစိုးဝင်းတို့ ရုံးချိန်းပျက်ကွက်ခဲ့၍ မတ်လ ၁၇ ရက်ကို ရုံးချိန်းရွေ့ဆိုင်းခဲ့ရသည်။

ယခုကဲ့သို့ တရားလိုနှင့် တရားသူကြီးတို့ ရုံးချိန်းအကြိမ်ကြိမ် ပျက်ကွက်မှုများကြောင့် အမှုကို ပြီးပြတ်အောင် မဆောင်ရွက်နိုင်ဘဲ အမှုကြန့်ကြာနေမှုများရှိနေပြီး တရားစွဲခံထားရသူများနှင့် သူတို့၏မိသားစုဝင်များမှာ အလွန်တရာနစ်နာမှုများရှိနေကြသည်ဟု သိရသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...