မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ ထပ်စီးအစည်းအဝေး ၀ပြည်နယ် ပန်ဆန်းတွင်ကျင်းပ၊ AA စစ်ဦးစီးချုပ်တက်ရောက်နေ

မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ ထပ်စီးအစည်းအဝေး ၀ပြည်နယ် ပန်ဆန်းတွင်ကျင်းပ၊ AA စစ်ဦးစီးချုပ်တက်ရောက်နေ
ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို UWSA ဌာနချုပ် ဝ ပြည်နယ် ပန်ဆန်းမြို့၌ မတ် ၁၅ ရက်နေ့က စတင်ကျင်းပနေပြီး ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်နေကြောင်း သတင်းရရှိသည်။

အေအေ ပြောခွင့်ရသူ ဦးခိုင်သုခက  "FPNCC အစည်းအဝေးလုပ်နေတယ်ဆိုတာကတော့မှန်ပါတယ်။ ကျနော်တို့ဖက်က ULA ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်လို့ရှိပါတယ်။ တခြားအသေးစိတ်အချက်အလက်တွေကတော့ မသိရပါသေးပါဘူး" ဟု နိရဉ္စရာသတင်းဌာနသို့ ယနေ့ နံနက်ပိုင်းက ပြောဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများနှင့် မဟာမိတ်အဖွဲ့ အချင်းချင်းကြား မဟာဗျူဟာကျသည့် နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စများကို အထူး အလေးပေးဆွေးနွေးနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောသည်။

FPNCC ကော်မတီဝင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံဆိုင်ရာ အထူး တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွန်း (Deng Xijun)က  စစ်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ‘တရုတ်အထူး ကိုယ်စားလှယ်က နေပြည်တော်ကိုလာသွားတယ်။  အမေရိကန်က NDAA ဥပဒေ ထုတ် ပြန်လိုက်တာမှာ တိုင်းရင်းသားတွေဆီ အကူအညီပေးမယ်ဆိုတာ မယူဖို့ နစကကနေ တိုက်တွန်းတယ်။ တရုတ် ကိုယ် စားလှယ်မလာခင် နေပြည်တော်မှာ နစက က PDF တွေကို မကူညီ မထောက်ပံ့ဖို့ ဆိုပြီးလည်း တိုက်တွန်း တယ်။ လာမယ့်ရွေးကောက်ပွဲကို ဝ နယ်မှာလုပ်ဖို့ တောင်းဆို ထားတယ်၊ ဒီအချက်တွေကို ကော်မတီဝင် တွေက ညီညီညွတ်ညွတ်နဲ့ စဉ်းစားဆွေးနွေးကြတာ ဖြစ်နိုင်တယ်။’ ဟု နိရဉ္စရာကို သုံးသပ်ပြောဆိုသည်။

၎င်းပြင် အဆိုပါဖိအားပေးများကို ဘယ်လိုတုန့်ပြန်ကြမယ်ဆိုတာ ကော်မတီဝင်ခေါင်းဆောင်များ ညှိုနှိုင်းနေကြ သည့် အစည်းအဝေးဖြစ်နိုင်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းနှင့် မတ်လဆန်းပိုင်းက တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun) သည် နေပြည်တော်၌ စစ်ကောင်စီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ သလို မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်လည်း ကိုယ်တိုင်သွား ရောက်တွေ့ဆုံခဲ့တာတွေ ရှိခဲ့သည်။

တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့်ခေါင်းဆောင်များနှင့် လိုက်လံတွေ့ ဆုံဆွေးနွေးနေသည်မှာ လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းဖို့၊ ငြိမ်းချမ်းဖို့အတွက် စီမံကိန်းချ မှတ်ထားတာဖြစ်နိုင်ကြောင်း၊ ဒါမှသာ ပိုးလမ်းမစီမံကိန်းအတွက် မြန်မာနိုင်ငံထဲမှ တရုတ်အကျိုးစီးပွား များကို ဆက်လက်လုပ်ကိုင်လို့ရမှာဖြစ်ကြောင်း တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပြောကြားထားသည်။

ယခုပန်ဆန်းဆွေးနွေးပွဲအပြီးတွင် FPNCC ခေါင်းဆောင်များသည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တရုတ်အစိုးရခေါင်းဆောင်များနှင့် သွား ရောက်တွေ့ဆုံဖို့ရှိကြောင်းလည်း သိရသည်။

FPNCC အဖွဲ့ကို ၂၀၁၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဦးဆောင်ကာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက် ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါ တီ ရှမ်းပြည်တပ်မတော် SSPP/SSA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့် MNDAA နဲ့ မိုင်းလား NDAA တို့နှင့် ဖွဲ့စည်း ထားခြင်းဖြစ်သည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...