မွန်ပြည်နယ်တွင် ပြည်ပမှ ဝင်လာသူ ၁၀ ဦးတွင် Covid တွေ့၊ မျိုးကွဲသစ် Omicron XBB 1.5 မတွေ့ရှိသေးဟုဆို

မွန်ပြည်နယ်တွင် ပြည်ပမှ ဝင်လာသူ ၁၀ ဦးတွင် Covid တွေ့၊ မျိုးကွဲသစ် Omicron XBB 1.5 မတွေ့ရှိသေးဟုဆို
မော်လမြိုင်မြို့ ပေါ်ရှိ ကိုဗစ်ကုသရေးဌာန
မော်လမြိုင်မြို့ ပေါ်ရှိ ကိုဗစ်ကုသရေးဌာန

မွန်ပြည်နယ်အတွင်း တွေ့ရှိရသည့် Covid–19 Positive လူနာအသစ်များထဲတွင် မျိုးကွဲသစ် Omicron XBB 1.5 မတွေ့ရှိရသေးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ ၅၃ ဦးအား စစ်ဆေးခဲ့ရာ Positive လူနာ ၁၀ ဦးအထိတွေ့ရှိခဲ့ရကြောင်း၊ ၎င်းတို့ထဲမှ ယခုလက်ရှိ ကူးစက်ဖြစ်ပွားနေသည့် မျိုးကွဲသစ် Omicron XBB 1.5 Variant Coronavirus ရှိ၊ မရှိကို ရန်ကုန်မြို့ရှိ ဆေးသုတေသနဌာနထံသို့ ပေးပို့ကာ စစ်ဆေးထားကြောင်း လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်း XBB 1.5 မျိုးကွဲအသစ် မတွေ့ရှိရသေးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုအချိန်ကလည်း ရာသီအကူးအပြောင်းအချိန်ဖြစ်တော့ လူတွေမှာလည်း ဖျားတာနာတာလေးတွေ နည်းနည်းများလာတာတွေ တွေ့ရပါတယ်။ လက်ရှိ ရာသီဥတုအရ ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုး၊ အသံပြောင်းတာတွေ အဖြစ်များလာတာမျိုးတွေ့နေရပါတယ်။ အဲ့ဒီကမှတဆင့် Covid က ပြန်ပြီးခေါင်းထောင်လာမလားဆိုတာကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိလာသည့် လူနာများအား နေ့စဉ် Covid-19 ကူးစက်ကပ်ရောဂါနှင့်ပတ်သက်ပြီး စစ်ဆေးမှုများလုပ်ဆောင်ပေးနေကြောင်းလည်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ပြည်နယ်အတွင်း၌ ပြည်တွင်းကူးစက်မှုအနေ သိပ်မတွေ့ရသော်လည်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများတွင် Covid–19 Positive ဖြစ်နေသည်ကို တွေ့ရှိနေရဆဲဖြစ်ကြောင်းလည်း ဆိုသည်။

Covid–19 ကာကွယ်ဆေးများကိုလည်း သက်ဆိုင်ရာမြို့နယ်များရှိ သတ်မှတ်ထားသည့် စုရပ်များတွင် ပုံမှန်ထိုးနှံပေးနေကြောင်းနှင့် ကာကွယ်ဆေးထိုးပြီး ၆ လပြည့်တိုင်း Booster Dose ထပ်မံထိုးနှံကြရန်လည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူက တိုက်တွန်းထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မွန်ပြည်နယ်၌ Covid–19 Positive လူနာသစ် ၂၉ ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၂၇ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လာကြသူများဖြစ်သည်။

ဖေဖေါ်ဝါရီလအတွင်း၌ Covid – 19 Positive လူနာသစ်ပေါင်း ၄၀ ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၂၃ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

မော်လမြိုင်မြို့ ပေါ်ရှိ ကိုဗစ်ကုသရေးဌာန

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...