နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီး ၅၀၀ နီးပါးသေဆုံးပြီး ၃,၀၀၀ ကျော် ဖမ်းဆီးခံထားရ

နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီး ၅၀၀ နီးပါးသေဆုံးပြီး ၃,၀၀၀ ကျော် ဖမ်းဆီးခံထားရ
၂ဝ၂၁ ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြနေသော မန္တလေးမြို့က အမျိုးသမီးသပိတ်စစ်ကြောင်းတစ်ခုကို တွေ့ရစဉ်။
၂ဝ၂၁ ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြနေသော မန္တလေးမြို့က အမျိုးသမီးသပိတ်စစ်ကြောင်းတစ်ခုကို တွေ့ရစဉ်။

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီး ၄၈၃ ဦး သေဆုံးခဲ့ကြောင်း ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့မှ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အမျိုးသမီးများထဲတွင် အကျဉ်းထောင်များအတွင်း ဖမ်းဆီးခံထားရဆဲ အမျိုးသမီး ၃,၁၂၅ ဦးရှိသည့်အပြင် သေဒဏ်ချမှတ်ခံထားရသူ ၁၁ ဦး၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ အမျိုးသမီး ၁၅ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိင်ပိုင်ဆိုင်းရာစော်ကားခံရသူ အမျိုးသမီး ၁၂၂ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေးတွေ အကုန်ဆုံးရှုံးသွားတာပါပဲ။ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ မလိုချင်လို့ တော်လှန်တဲ့အခါ အဖမ်းခံရတယ်။ ထောင်ထဲမှာ အမျိုးမျိုးချိုးနှိမ်ခံခဲ့ရတယ်။ အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက ထိကပါးရိကပါး လုပ်တာတွေရှိတာကို ကိုယ်တိုင်မြင်ခဲ့ရတော့ လန့်နေခဲ့ရတယ်။ ကျမက အခု ထောင်ကလွတ်လာပြီဆိုပေမယ့် ထောင်ထဲမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေအတွက် အခုထိ စိုးရိမ်နေမိတုန်းပါပဲ”ဟု ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီးများသည် ကျရာအခန်းကဏ္ဍအစုံတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ ပါဝင်လျက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ထိုအမျိုးသမီးများကို အသိအမှတ်ပြု လေးစားဂုဏ်ပြုကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရှိနိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဟုလည်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိတွင် နိုင်ငံတဝန်းရှိ အမျိုးသမီးများမှာ အကြမ်းဖက်ခံရမှု၊ ဖိနှိပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရမှုတို့မှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားနေသူများက ရှုမြင်ကြသည်။

“အခုနောက်ပိုင်းမှာ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သတ်လို့ ပါးစပ်သရမ်းပြီး စနောက်တာကို ပိုပြီး အများကြီးတွေ့ရတယ်။ အဲ့လိုစနောက်တာတွေကအစ အမျိုးသမီးတွေမှာ မလုံခြုံတာတွေအများကြီးပါ။ အဓိက တရားဥပဒေစိုးမိုးမှု မရှိလို့ပေါ့။ အခုလို အမျိုးသမီးတွေ  ဖိနှိပ်စော်ကားခံနေရမှုတွေအတွက် အမြန်ဆုံး တရားမျှတမှုတွေရရှိလာဖို့ မျှော်လင့်မိပါတယ်”ဟု ရခိုင်မှ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မခင်မြင့်ကြည်ကပြောသည်။

အမျိုးသမီးအခွင့်အရေးဟုဆိုရာတွင် စီဒေါ(CEDAW)ဟု လူသိများသော အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းကဲ့သို့ စီဒေါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းသည် စီဒေါ(CEDAW)စာချုပ်ပါ ပြဌာန်းချက်များကို နိုင်ငံတော်အနေဖြင့် လိုက်နာရန်၊ လေးစားရန်၊ ဖြည့်ဆည်းပေးရန်နှင့် အစီရင်ခံစာတင်ရန် စသည်ဖြင့် တာ၀န်ခံ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာမခံကတိကဝတ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား မပြေပြစ်သည့်ကြားတွင် အမျိုးသမီးများ၏ အခွင့်အရေးများရိုက်ချိုးခံနေရခြင်းမှာ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်ဟု ရခိုင်ပြည်အခြေစိုက် မိုးစဲအားမာန်မျိုးဆက်သစ်လူငယ်များ ပရဟိတအသင်း ဥက္ကဌ ကိုမောင်မြတ်အောင်က ပြောသည်။

“သူတို့(စစ်ကောင်စီ)ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ နေထိုင်နေရတဲ့ပြည်သူတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒီထဲက အမျိုးသမီးတွေဆီက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေရှိတာကိုလည်း ကြားသိရတယ်။ အရင်ကတည်းက အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု အားနည်းချက်တွေရှိနေတာမှာ ဒီစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မပြေပြစ်တဲ့ကြားထဲမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေ ရိုက်ချိုးခံရသလို ဖြစ်သွားတယ်။ ဒါက အမျိုးသမီးတွေအတွက် လုံးဝဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်”ဟု သူကပြောသည်။

ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် နိုင်ငံတစ်ဝန်းတွင် ဆွေးနွေးဟောပြောမှုများ ပြုလုပ်နေလျက်ရှိသည်။

စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...