တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၃၄ ဦး သေဆုံး

တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၃၄ ဦး သေဆုံး
Southern Monitor မှ ဖော်ပြထားသည့်တနင်္သာရီတိုင်းမှ သေကြေဒဏ်ရာရသူများပြဇယား။
Southern Monitor မှ ဖော်ပြထားသည့်တနင်္သာရီတိုင်းမှ သေကြေဒဏ်ရာရသူများပြဇယား။

တနင်္သာရီတိုင်းဒေသကြီးတွင် အရပ်သားသေဆုံးမှုတိုးလာပြီး ဖေဖော်ဝါရီတစ်လအတွင်း အရပ်သားသေဆုံးမှု ၃၄ ဦးရှိခဲ့သည်ဟု Southern Monitor က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ်တွင် ဇန်နဝါရီလတွင် အရပ်သားသေဆုံးမှု ၂၅ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်း၌ အရပ်သားသေဆုံးသူ ၃၄ ဦးအထိ ရှိလာခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း အရပ်သား ၈၇ ဦး သေဆုံးပြီး၊ အရပ်သား ဒဏ်ရာရသူ ၅၆ ဦးရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း အရပ်သားသေဆုံးသူ ၂၄၈ ဦးရှိပြီး၊ အရပ်သား ဒဏ်ရာရသူ ၇၂ ဦးရှိခဲ့သည်ဟု Southern Monitor က ထုတ်ပြန်ထားသည်။

Southern Monitor က စုစည်းထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သားသေဆုံးသူ စုစုပေါင်း ၃၉၄ ဦး ရှိပြီး၊ အရပ်သား ဒဏ်ရာရသူ ၁၄၆ ဦးရှိခဲ့ကာ အရပ်သားထိခိုက်မှု (Civilian casualty) စုစုပေါင်း ၅၄၀ ဦးရှိခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုထားသည်။

ပဋိပက္ခကြောင့် အရပ်သားထိခိုက်မှုအများဆုံးသည် လောင်းလုံးမြို့နယ်ဖြစ်ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၁၀၇ ဦးနှင့် အရပ်သား ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ကြောင်း အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တို့တွင်လည်း အရပ်သားထိခိုက်မှု များပြားကြောင်းလည်း Southern Monitor က ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအားလုံးအနေနှင့် အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာသင့်သည်ဟု Southern Monitor က တိုက်တွန်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ တိုက်ပွဲ ၃၅၈ ကြိမ်၊ ဗုံးကွဲခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်သည့်ဖြစ်စဥ် ၂၄၃ ကြိမ်နှင့် လုပ်ကြံသတ်ဖြတ်မှုနှင့် အရပ်သားထိခိုက်မှုဖြစ်စဉ် ၃၉၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟုလည်း ထုတ်ပြန်ပါရှိသည်။

ယခုဖော်ပြသည့် အချက်အလက်တွေဟာ လက်လှမ်းမီသလောက် စုစည်းထားသည့် အချက်အလက်များဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုများနိုင်သည်ဟုလည်း ဆိုထားသည်။

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ အဖွဲ့အစည်းများလက်ချက်ကြောင့် အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Southern Monitor က ထုတ်ပြန်ထားသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...